Current News

    မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

    ဤဓာတ်ပုံသည် ရိုဟင်ဂျာအမျိုးသား ၁၀ ဦး အသတ်ခံရသော နေ့၌ ရိုက်ကူးထားခြင်းဖြစ်သည်။ လက်နက်ကိုင်ရဲအရာရှိ ဦးအောင်မင်း (ဘယ်) သည် ၎င်းတို့၏နောက်၌ မတ်တပ်ရပ်၍ စောင့်ကြပ်နေသည်။ ဤဓာတ်ပုံအား ဗုဒ္ဓဘာသာဝင် ကျေးရွာလူကြီးတစ်ဦးထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ မျက်မြင်သက်သေများမှ မှန်ကန်ကြောင်း ထောက်ခံပေးခဲ့သည်။

    ဝေးလံခေါင်ဖျားသည့် ကျေးရွာတစ်ခုတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများတို့မှ ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး၊ သတ်ဖြတ်ခဲ့ကြသည်

    (In English)

    အင်းဒင်၊ မြန်မာ – ပူးတွဲ ချည်နှောင်၍ ဖမ်းဆီးခံထားရသော ရိုဟင်ဂျာ ၁၀ ဦးသည် ၎င်းတို့၏ ဗုဒ္ဓဘာသာ အိမ်နီးချင်းများ မြေကျင်းတူးနေသည်ကို ကြည့်ရှုနေခဲ့သည်။ ထို့နောက်များမကြာမီကာလဖြစ်သော စက်တင်ဘာလ ၂ ရက်နေ့ နံနက်ခင်း၌ ၁၀ ဦးစလုံး သေဆုံးခဲ့သည်။ အနည်းဆုံး နှစ်ဦးအား ဗုဒ္ဓဘာသာ ရွာသားများမှ သေသည် အထိ ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသူများကိုမူ စစ်သားများမှ ပစ်သတ်ခဲ့ကြောင်း မြေတူးခဲ့သူများထဲမှ နှစ်ဦးက ဆိုသည်။

    ဤသတ်ဖြတ်မှုများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုများ၏ အခန်းဆက်ထဲမှ နောက်ထပ် အခန်းတွဲ အပိုင်း တစ်ခုဟု သတ်မှတ်ရပေမည်။ ရိုဟင်ဂျာများမှ စစ်တပ်အား မီးရှို့ ဖျက်ဆီးမှု၊ အဓ္ဓမပြုကျင့်မှုများနှင့် သတ်ဖြတ်မှုများအတွက် စွပ်စွဲ ထားသည်။ မြန်မာ တာဝန်ရှိသူများမှ ၎င်း၏ “နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှု” သည် ဆူပူသောင်းကျန်းသူများ၏ တိုက်ခိုက်မှုများအား တရားဝင် တုံ့ပြန်ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ဆိုသည်။

    Reuters သတင်းဌာနသည် အင်းဒင်ရွာတွင် ဖြစ်ပေါ်ခဲ့သည့် သတ်ဖြတ်မှုများ မတိုင်ခင်နေ့ရက်များမှ အခြေအနေများ ကို စပ်ဆက်ပုံဖော်နိုင်ရန် ကြိုးပမ်းခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် ရွာသားများ၏ အင်တာဗျူးမေးမြန်းမှုများ မှ တဆင့် ၎င်းတို့မှ ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးကာ မူစလင်များအား သတ်ဖြတ်၍ ရုပ်အလောင်းများအား မြှုပ်နှံခဲ့ကြောင်း ဖွင့်ဟဝန်ခံချက်ကို ပထမဆုံးအနေဖြင့် ရရှိခဲ့သည်။

    ဤမှတ်တမ်းသည် စစ်သားများနှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ဓာတ်ပုံ သက်သေ အထောက် အထားများနှင့် လုံခြုံရေး ဝန်ထမ်းများထံမှ သက်သေထွက်ဆိုချက်များ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည့် အမှတ်အသား တစ်ခုလည်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင် ကျေးရွာလူကြီးတစ်ဦးမှ Reuters သတင်းဌာနသို့ ထောက်ပံ့ခဲ့သော ဓာတ်ပုံသုံးပုံသည် လုံခြုံရေး တပ်သားများမှ ရိုဟင်ဂျာ အမျိုးသားများအား ထိန်းသိမ်းထားသည့် စက်တင်ဘာလ ၁ ရက်နေ့ ညနေခင်း အစောပိုင်း အချိန်မှ ရိုဟင်ဂျာ အမျိုးသားများ သတ်ဖြတ်ခြင်းခံရသည့် စက်တင်ဘာလ ၂ရက်နေ့ မနက် ၁၀နာရီ ကျော်ခန့် အထိ  အဓိက သော့ချက်ကျသော အခိုက်အတန့်များအား ဖမ်းယူ ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်သည်။

    Reuters ၏ စုံစမ်းစစ်ဆေးခြင်းများကြောင့် ရဲအရာရှိများ မှ သတင်းဌာန၏ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရခိုင်နှင့်ဆက်နွယ်သော လျှို့ဝှက် စာရွက်စာတမ်းများအား ရယူထားသည် ဟူသော စွပ်စွဲချက်နှင့်အတူ ဒီဇင်ဘာလ ၁၂ ရက် နေ့က ဖမ်းဆီးခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် Reuters သတင်းဌာနမှ ပြင်ဆင်နေခဲ့သည့် သတင်း၏ အစိတ်အပိုင်းဖြစ်သော အင်းဒင်အရပ်တွင် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရသည်ကို အတည်ပြုသည့် ထွက်ဆိုချက်တစ်ခုကို စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။

    သို့သော် စစ်တပ်မှ ထုတ်ပြန်ထားသည့် ဖြစ်စဉ်ပုံစံသည် Reuters သတင်းဌာနသို့ ရခိုင်ဗုဒ္ဓဘာသာဝင်နှင့် ရိုဟင်ဂျာ မူစလင် သက်သေများတို့မှ ပေးထားသော မှတ်တမ်းများ နှင့် အရေးပါသည့် အချက်အလက်များတွင် ကွဲလွဲနေသည်ကို တွေ့ ရှိရသည်။

    စစ်တပ်အဆိုရမူ အဆိုပါအမျိုးသား ၁၀ ဦးသည် လုံခြုံရေးတပ်များအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား ၂၀ဝ ထဲမှ ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဗုဒ္ဓဘာသာဝင် ရွာသားများအား ဤဆောင်းပါးအတွက် အင်တာဗျူးမေးမြန်းချက်များ တွင်မူ ၎င်းတို့မှ အင်းဒင်ရှိ လုံခြုံရေးတပ်များအပေါ် ပမာဏများပြားသော သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုမျိုး မရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ထို့ပြင် ရိုဟင်ဂျာသက်သေများမှ Reuters သတင်းဌာနသို့ ပြောကြားချက်အရမူ စစ်သားများသည် အနီးနားကမ်းခြေတစ်ခု၌ ခိုလှုံနေခဲ့သော ရိုဟင်ဂျာများထဲမှ ၁၀ ဦးအား ဆွဲထုတ်သွားခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် ရခိုင် ဗုဒ္ဓဘာသာဝင် ရွာသားများ၊ စစ်သားများ၊ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၊ ရိုဟင်ဂျာများနှင့် ဒေသခံ အုပ်ချုပ်ရေးမှူးများ နှင့် အင်တာဗျူးမေးမြန်းမှုများအရ ဆက်လက်တွေ့ ရှိရသည်မှာ –

    – စစ်တပ်နှင့် လက်နက်ကိုင် ရဲတပ်သားများ သည် ရိုဟင်ဂျာနေအိမ်များအား မီးရှို့ ဖျက်ဆီးရန် အင်းဒင်နှင့် အခြားကျေးရွာ အနည်းဆုံး နှစ်ရွာလောက်မှ ဗုဒ္ဓဘာသာဝင် အရပ်သားများအား စုစည်းခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် ရွာသားများမှ ပြောဆို ခဲ့သည်။

    – အင်းဒင်ရှိ ရိုဟင်ဂျာ ရွာငယ်များအား “ရှင်းလင်းရန်” အမိန့်သည် စစ်တပ်မှ စတင်ခြင်းဖြစ်ပြီး အဆင့်ဆင့် ရရှိလာသော အမိန့်ဖြစ်ကြောင်း လက်နက်ကိုင် ရဲအရာရှိ သုံးဦးနှင့် ပြည်နယ်မြို့တော်စစ်တွေရှိ ထောက်လှမ်းရေးယူနစ်မှ လေးယောက်မြောက် ရဲအရာရှိတို့က ဖြေကြားခဲ့သည်။

    – လက်နက်ကိုင်ရဲတပ်သားများအချို့သည် နွားများ၊ မော်တော်ဆိုင်ကယ်များ အပါအဝင် ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများအား ပြန်လည်ရောင်းချရန်အတွက် လုယူသိမ်းပိုက်ခဲ့ကြောင်း အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင်အုပ်ချုပ်ရေးမှူးနှင့် လက်နက်ကိုင် ရဲအရာရှိ များထဲမှ တစ်ဦး၏အဆိုအရ သိရှိရသည်။

     အစိုးရ၏ ပေါ်လစီမှာ အလွန်ရှင်းလင်းသည်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။ “လူအခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူး လို့ ငြင်းဆန်နေမှာ မဟုတ်ဘူး။ ပြီးတော့ အသလွတ် ငြင်းဆန်မှုတွေ လုပ်နေတာ မဟုတ်ပါဘူး။” အကယ်၍ အလွဲသုံးစားမှုတွေနဲ့ ပတ်သက်တဲ့ “ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေ” ရှိရင် အစိုးရက စုံစမ်းစစ်ဆေး သွားမည် ဖြစ်သည် ဟု သူက ဆိုသည်။

    “ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေရရင် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လို့ရတယ်။ ပြီးတော့ ချိုးဖောက်မှုတွေ ရှိကြောင်း သက်သေအထောက်အထားတွေ မှန်မှန်ကန်ကန် တွေ့ရှိရင် ကျွန်တော်တို့ အနေနဲ့ တည်ဆဲဥပဒေတွေ အတိုင်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်။”

    သူက စစ်တပ်၏ ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။ “ဘယ်သူက စပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တာလည်း ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နားလည်ဖို့ လိုအပ်တယ်။ အဲ့ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဥပရောနိုင်ငံမှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ယူအက်စ် မှာ လန်ဒန် မှာ နယူးရော့ခ်မှာ ဝါရှင်တန်မှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် မီဒီယာတွေက ဘာပြောမလဲ။”

    စစ်တပ်ထံမှ မှတ်ချက် တောင်းဆိုမှု အပေါ် ပြန်လည်တုန့်ပြန်ခြင်း မရှိခဲ့ပါ။

    စင်စစ် ဤဖြစ်ရပ်များသည် ရိုဟင်ဂျာပုန်ကန်သူများမှ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲကင်းစခန်းများနှင့် စစ်တပ်ရင်း ဌာနချုပ် တစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည် သြဂုတ်လ ၂၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ အင်းဒင်ရှိ ရာချီသော ဗုဒ္ဓဘာသာဝင် ရွာသားများသည် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံအကာကွယ်ယူခဲ့ရသည်။ သြဂုတ်လ ၂၇ ရက်နေ့တွင်မူ ကျေးရွာသို့ မြန်မာ့ ခြေလျှင်တပ်ရင်း ၃၃ မှ တပ်သား ၈၀ ခန့် ရောက်ရှိလာခဲ့သည်။

    ဗုဒ္ဓဘာသာဝင် ရွာသားငါးဦး၏ ပြောကြားချက်အရ စစ်တပ်တာဝန်ရှိ အရာရှိဖြစ်သူမှ ၎င်းတို့အား လုံခြုံရေးဆောင်ရွက်မှုများ အတွက် လုပ်အားပေးပါဝင် နိုင်ကြောင်း ပြောဆိုခဲ့သည် ဟု သိရှိရသည်။ အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင်  ရွာသားများပါဝင်သော “လုံခြုံရေးအဖွဲ့” မှ ပါဝင်လိုသူများကို အဆိုပါ စစ်တပ်အရာရှိက တွေ့ ရှိစုစည်းခဲ့သည် ဟု အဖွဲ့ဝင်များ နှင့် ရွာသားများ က ဆိုသည်။

    နောက်ပိုင်းနေ့များတွင်မူ စစ်သားများ၊ ရဲနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများသည် အင်းဒင်ရှိ ရိုဟင်ဂျာမူစလင်များ၏ နေအိမ်အများစုအား မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် ရွာသား တစ်ဒါဇင်မှ ဆိုသည်။

    ရဲတစ်ဦးက ၎င်း၏ အုပ်ချုပ်သူအရာရှိသည် ၎င်းအား ရိုဟင်ဂျာများနေထိုင်သည့် ဧရိယာများကို “သွားရောက် ရှင်းလင်းရန်” နှုတ်မိန့်ပေးခဲ့ပြီး၊ ၎င်းမှမူ ဤသည်မှာ မီးရှို့ဖျက်ဆီးပစ်ရန်ဖြစ်ကြောင်း အနက်ကောက်ယူခဲ့သည် ဟု ဆိုသည်။ ဒုတိယ ရဲတစ်ဦး မှ  ၎င်းပါဝင်ခဲ့သည့် အင်းဒင်ရွာ၏ မြောက်ဘက်ရှိ ကျေးရွာများအပေါ် ကျူးလွန်သည့် ဝင်ရောက် စည်းနင်းမှုများ အကြောင်း ဖော်ပြ ပြောဆိုခဲ့သည်။ လုံခြုံရေးတပ်သားများသည် အရပ်သားအင်္ကျီများနှင့် ဘောင်းဘီများအား ဝတ်ဆင်၍ ရွာသားများကြားတွင် ရောနှောနေစေရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းဒုတိယမြောက် ရဲနှင့် အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင် အုပ်ချုပ်ရေးမှူး မောင်သိန်းချေတို့ထံမှ ကြားသိရသည်။

    ရိုဟင်ဂျာများ အင်းဒင်မှ ထွက်ပြေးသွားပြီးသည့်နောက် ဗုဒ္ဓဘာသာဝင် ရွာသားများသည် ၎င်းရိုဟင်ဂျာများ၏ ကြက်များ၊ ဆိတ်များအပါအဝင် ပိုင်ဆိုင်မှုများအား သိမ်းယူခဲ့ကြောင်း ဗုဒ္ဓဘာသာဝင်ဒေသခံများမှ Reuters သတင်းဌာနသို့ ပြောကြား ခဲ့သည်။ သို့သော် တန်ဖိုးကြီးမားသည့် မော်တော်ဆိုင်ကယ်များနှင့် နွားများကဲ့သို့သော ပစ္စည်းအများစုကိုမူ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်မှူးဖြစ်သူ သန့်ဇင်ဦးက သိမ်းယူသွားခဲ့ပြီး ရောင်းချခဲ့ကြောင်း ပထမရဲအရာရှိနှင့် ကျေးရွာအုပ်ချုပ်သူတို့မှ ထွက်ဆိုခဲ့ကြသည်။

    တပ်မှူးဖြစ်သူ သန့်ဇင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိခဲ့ပါ။

     ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး မျိုးသူစိုး က ရဲတပ်ဖွဲ့ ဝင်များမှ ကျေးရွာများကို မီးရှို့ခြင်း သို့မဟုတ် အရပ်ဝတ်များ ဝတ်စားခြင်း တို့နှင့် သက်ဆိုင်သည့် သာဓကဖြစ်ရပ်မျိုးကို သူ မသိကြောင်း ပြောသည်။ “သွားရှင်းပစ်” (သို့မဟုတ်)ကျေးရွာတွေကို  “မီးရှို့ပစ်” ဆိုတဲ့ အမိန့် မျိုး မရှိဘူး ဟု သူက ဆိုသည်။

    “ဒါက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ ခင်ဗျ။” ဟု သူက ရိုက်တာကို ပြောပြသည်။ “တကယ်လို့ အဲ့လို ဟာမျိုး ရှိတယ်ဆိုရင် တရားဝင် တင်ပြပေါ့ ဒါ ကျွန်တော်တို့ တရားဝင် စုံစမ်းရမယ့် အခြေအနေတွေပါ။”

    “ဒါပေမယ့် အခု ခင်ဗျားတို့ ပြောတဲ့ ဟာအရ ဆိုရင်တော့ ကျွန်တော်တို့က စုံစမ်းပြီး ပြန်တော့ လေ့လာကြည့်ပါမယ် ခင်ဗျ။ ဒါပေမယ့် လောလောဆယ်တော့ ကျွန်တော် ပြောချင်တာကတော့ လုံခြုံ ရေး တပ်ဖွဲ့ ဝင်များ အနေနဲ့ ကတော့ သတ်မှတ်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ ရှိတယ်။ အဆင့်ဆင့် ကွပ်ကဲမှုတွေ ရှိတယ်။ အဲ့ဒီ အပေါ် မှာ လိုက်နာ ဆောင်ရွက်ရတဲ့ ကြောင့်မို့ ဒီဖြစ်စဉ်တွေတော ့ ကျွန်တော်တို့ သိပ်တော ့ မထင်ဘူးပေါ့နော်။”

    စက်တင်ဘာလ ၁ ရက်နေ့တွင် အင်းဒင်ရှိ ရိုဟင်ဂျာ ရာချီသည် အနီးနား ကမ်းခြေတစ်ခုသို့ သွားရောက်ခိုလှုံခဲ့ကြောင်း သက်သေများမှ ထွက်ဆိုခဲ့သည်။ အသတ်ခံရမည့် ၁၀ ဦးမှာ ၎င်းတို့ထဲမှ ဖြစ်သည်။ ငါးဦးသည် ငါးဖမ်းသမားများ သို့မဟုတ် ငါးရောင်းချသူများဖြစ်ကြပြီး၊ နှစ်ဦးမှာမူ စတိုးဆိုင်များ ဖွင့်ထားကြသည်၊ ကျန်နှစ်ဦးသည် ကျောင်းသားများ ဖြစ်ကြပြီး၊ နောက်ဆုံးတစ်ဦးမှာမူ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်သည်။

    ရိုဟင်ဂျာသက်သေများမှ ပြောကြားချက်အရ အစ္စလာမ်ဘာသာရေး ဆရာဖြစ်သူ Abdul Malik သည် စားသောက်ရန် အစား အသောက်များနှင့် ခိုလှုံဖို့အတွက် ဝါးများရှာဖွေရန် ၎င်း၏ ကျေးရွာသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။ ကမ်းခြေသို့ ၎င်းပြန်ရောက်လာချိန်တွင် စစ်သားများ နှင့် လက်နက်ကိုင် ဗုဒ္ဓဘာသာဝင် ရွာသားများ (အနည်းဆုံး ခုနှစ်ဦးခန့်)  သည် ၎င်းနောက်မှ လိုက်ပါ လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် ရိုဟင်ဂျာများအား ခေါ်ယူပြီး နောက် အမျိုးသား ၁၀ ဦးအား ရွေးချယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဤသက်သေများမှ ထွက်ဆိုခဲ့သည်။

    အဆိုပါညနေခင်း၌ ရိုက်ကူးထားသော ဓာတ်ပုံတွင် ၎င်းပုဂ္ဂိုလ် ၁၀ ဦး ရွာလမ်းကြားတစ်ခုပေါ်၌ ဒူးထောက်နေသည်ကို တွေ့ ရှိရပေမည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ၎င်းတို့အား သင်္ချိုင်းတစ်ခုအနီးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် ရွာသားများမှ ဖွင့်ဟထွက်ဆိုခဲ့ပြီး၊ အဆိုပါနေရာတွင် ၄င်းတို့ကို ဓာတ်ပုံရိုက်ကူးထားသည် ကို တွေ့ ရှိရသည်။ လုံခြုံရေးဝန်ထမ်းများသည် ဒေသခံ ဗုဒ္ဓဘာသာဝင် လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်နီ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ၎င်းတို့အား မေးမြန်းခဲ့ကြောင်း ရခိုင်လူကြီးတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာများတို့မှ ၎င်းတို့အနေနှင့် အဆိုပါလယ်သမားပျောက်ဆုံးမှုသည် ၎င်းရိုဟင်ဂျာ ၁၀ ဦးနှင့် ချိတ်ဆက်နေကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာမရှိကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    စစ်သားများမှ ဖမ်းဆီးခံရသူများအား ၄င်းတို့ကို သတ်မည့်နေရာသို့ ခေါ်ဆောင်သွား သည်ကို ၎င်းတို့မှာ ကြည့်ရှုနေခဲ့ရကြောင်း ဗုဒ္ဓဘာသာဝင် သုံးဦးမှ သက်သေထွက်ဆိုခဲ့သည်။ ကျင်းတူးသူတစ်ဦးဖြစ်သည့် အငြိမ်းစားစစ်သား စိုးချေအဆိုအရ ဦးမောင်နီ၏သားများ အား တာဝန်ရစစ်တပ်အရာရှိမှ ဖိတ်ကြားခဲ့ပြီး၊ ပထမဆုံး သတ်ဖြတ်မှုကို ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။ ပထမဆုံးသားဖြစ်သူသည် အစ္စလာမ်ဘာသာရေးဆရာ Abdul Malik ၏ ဦးခေါင်းအား ခုတ်ဖြတ်ခဲ့ကြောင်း စိုးချေမှ ထွက်ဆိုသည်။ ဒုတိယသားဖြစ်သူသည် နောက်ထပ်အမျိုးသားတစ်ဦး၏ လည်ပင်းအား ခုတ်ဖြတ်ခဲ့သည်။

    ရခိုင်လူကြီးတစ်ဦးမှ Reuters သတင်းထောက်များထံသို့ သတ်ဖြတ်ပြီးနောက် ရိုက်ကူးထားသည့် ဓာတ်ပုံအား ပေးအပ်ခဲ့သည်။ ၎င်းအနေနှင့် မည်သည့်အတွက်ကြောင့် Reuters သတင်းဌာနထံသို့ ဤအချက်အလက်များ မျှဝေဖို့ရွေးချယ်ခဲ့ကြောင်း မေးမြန်းရာ ၎င်းမှ – “ဒီကိစ္စမှာ ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ဒီလိုမျိုး အနာဂါတ်မှာ ထပ်ဖြစ်မှာကို မလိုလားဘူး” ဟု ၎င်းမှ ဆိုခဲ့သည်။

    Leave a comment

    Your email address will not be published.


    *