Current News

ရိုဟင်ဂျာနှင့် နိုင်ငံသား

Rohingya Family Gathering in Yangon University 1978.

Aman Ullah, အာမန် (ပညာရေး)

နိုင်ငံသားဟူသည်…

လူသည် မိခင်နိုင်ငံနှင့် ကင်း၍ ရပ်တည် ရန် ခဲယဉ်း၏။ နိုင်ငံမဲ့ သူတို့၏ ဘ၀သည် ခက်ခဲ၏။ ထို့ကြောင့် နိုင်ငံ သားဖြစ် မှုသည် အဖိုးတန်၏။ ပြည်ထောင်စုသား ဖြစ်မှုသည်လည်း အလားတူ တန်ဖိုးရှိ၏။ ဇာတိအရ ပြည်ထောင်စုသား ဖြစ်သူတို့ အတွက် ပြည်ထောင်စုသား ဖြစ်မှုသည် အခြေခံ လူ့အခွင့် အရေး တစ်ရပ် ဖြစ်၏။ ၁၉၄၈ ခုနှ စ်၊ ဒီဇင်္ဘာလ (၁၀) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကျေညာ စာတမ်း (Universal Declaration of Human Rights) ၏ အပိုဒ် (၁၅) တွင် လူတိုင်းသည် နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူပိုင်ခွင့် ရှိသည်။ ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံေ
စရ။ နိုင်ငံသား အဖြစ် ပြောင်းလဲနိုင်သော အခွင့် အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရဟု ပြဋ္ဌာန်း ထားသည်။

နိုင်ငံသား ဆိုသည်မှာ နိုင်ငံ တစ်နို င်ငံ (သို့မဟုတ် ) နိုင်ငံရေး အသိုင်းအ၀န်း တစ်ခု၏ အဖွဲ့ဝင် ပုဂ္ဂိုလ်ကို ဆိုလိုခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် နိုင်ငံသား ဆိုသည်မှာ နိုင်ငံရေး ဘ၀ တစ်ရပ်တွင် ပါဝင်ဆောင် ရွက် ပိုင်ခွင့်နှင့် တာဝန် ထမ်းဆောင် ပိုင်ခွင့် ရှိသော ပုဂ္ဂိုလ် ဖြစ်သည်။ ဆိုလိုသည်မှာ- နိုင်ငံသားသည် လူတိုင်း ရရှိမည့် အခြေခံ လူ့အခွင့် အရေးများ အပြင် မဲပေးပိုင်ခွင့်၊ရွေးချယ် ခံပိုင်ခွင့် စသော နိုင်ငံရေး အခွင့် အရေး များပါ ရရှိသူ ဖြစ်သည်။

အခြေခံ လူ့အခွင့်အရေး ဆိုသည်မှာ –

(၁) မွေးရာပါ အခွင့်အရေးများ (Natural Rights)

(၂) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးများ (Constitutional Rights) နှင့်

(၃) ပြဋ္ဌာန်း ဥပဒေ ဆိုင်ရာ အခွင့်အရေးများ (Legal Rights) တို့ဖြစ်သည်။

အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးဆို ရာ၌လည်း –

(က) နိုင်ငံ ရေး အခွင့်အရေးများ (Political Rights)

(ခ) နိုင်ငံသား အခွင့်အရေးများ (Civil Rights)

(ဂ) လူမှုရေးနှ င့် စီးပွါးရေးဆိုင် ရာ အခွင့်အရေးများ (Social and Economic Rights) နှင့်

နိုင်ငံသားဖြစ်မှုသည် အခြေခံ လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည့်အလျှောက် နိုင်ငံတိုင်းလိုလိုတွင် နိုင် ငံသားဖြစ်မှု နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင်လည်းကောင်း၊ သီးသန့် ဥပဒေများ ပြဋ္ဌာန်း၍လည်း ကောင်း ရှင်းလင်းတိကျစွာ ဖော်ပြထားလေ့ ရှိသည်။ မြန်မာနိုင်ငံ၌လည်း အလားတူ ပြဋ္ဌာန်းထား၏။

နိုင်ငံသားဖြစ်မှုနှင့် စပ်လျဉ်း၍ ၁၉၄၇ ခု၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၀ နှင့် ၁၁ တို့တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်း ဖေါ်ပြ ထားသည်။

ပုဒ်မ ၁၀။ ။ ပြည်ထောင်စု မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် နိုင်ငံသား ဟူ၍ တစ်မျိုးတည်း သာရှိရမည်။ ဆိုလိုသည်မှာ ပြည် ထောင်စု အဖွဲ့ဝင် များ၏ နိုင်ငံသား ဟူ၍ အသီး အခြား မရှိရ။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဟူ၍သာ ရှိရမည်။

ပုဒ်မ ၁၁။ ။ (က) ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင် ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့ သော မိဘ နှစ်ပါးမှ မွေးဖွားသူ တိုင်းသည်၎င်း၊

(ခ) မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်း မဟုတ် ဖြစ်ခဲ့သော ဘိုးဘွားများအနက် အနည်းဆုံးတစ်ဦးမှ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်လတံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွားသူတိုင်းသည်၎င်း၊

(ဂ) ပြည်ထောင်စု နိုင်ငံ၏ နိုင်ငံသားဖြစ်သော သို့တည်းမဟုတ် ဤအခြေခံ ဥပဒေ စတင် အာဏာတည်သည့် နေ့တွင် အသက်ရှင်နေသည် ဖြစ်ပါက နိုင်ငံသားအဖြစ်ကို ရယူခွင့်ရှိသော မိဘနှစ် ပါးမှ ပြည်ထောင်စု နိုင်ငံတွ င် ပါဝင် လတံ့သော အာဏာပိုင်နက် အတွင်း၌ မွေးဖွား သူတို င်းသည် ၄င်း၊

(ဃ) ဗြိတိသျှဘုရင် မင်းမြတ်၏ အာဏာပြန့်ရာ နယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည် ဖြစ်၍ ဤအခြေခံ ဥပဒေ စတင် အာဏာတည်သည့် နေ့မှအထက် (သို့တည်းမဟုတ်) ၁၉၄၂-ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့မှ အထက် အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မဟုတ်သော ကာလအဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ တွင် ပါဝင် လတံ့သော အာဏာပိုင်နက် အတွင်း၌ နေထိုင်ခဲ့ဘူးပြီးလျှင် ပြည်ထောင်စု အတွင်းတွင် ထာဝစဉ် နေထိုင်ရန် ကြံရွယ်ခဲ့သည် ဖြစ်၍၊ ထို့ပြင် တရား ဥပဒေဖြင့် သတ်မှတ် ထားသော အချိန် အတွင်းတွင် ထိုသို့ သတ်မှတ် ထားသော နည်းလမ်းနှင့် အညီ ပြည်ထောင်စု နိုင်ငံသား အဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖော် သူတိုင်းသည်၎င်း၊ … ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်။

အခြေခံ ဥပဒေပုဒ်မ ၁၁ တွင် ဖော်ပြထားသော အခွင့်အရေး များမှာ မြန်မာ နိုင်ငံသား တိုင်း၏ မူလ အခြေခံ အခွင့် အရေးများ (Fundamental Rights) ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ အရည် အချင်း များကို ၁၉၄၈- ခုနှစ်၊ ပြည် ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေတွင် အောက်ပါ အတိုင်း အသေးစိတ် ဖော်ပြ ထားလေသည်။

၃။ ။ (၁) အခြေခံ ဥပဒေ ပုဒ်မ ၁၁ အလို့ငှါ “မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး“ ဆိုသည်မှာ ကချင်၊ ကရင်၊ ကရင် နီ၊ ချင်း၊ မြန် မာ၊ မွန်၊ ရခိုင် သို့တည်း မဟုတ် ရှမ်းလူမျိုးကို၎င်း၊ ၁၈၂၃-ခုနှစ် (မြန်မာ သက္ကရာဇ် ၁၁၈၅-ခုနှစ် ) မတိုင် မီ ကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် အခြေစိုက် နေထို င်ခဲ့သော မျိုးနွယ်စု များကို၎င်း ဆိုလိုသည်။

(၂) အခြေခံပုဒ်မ ၁၁ နှင့် ၁၉၄၈-ခုနှ စ် ပြည်ထောင်စု မြန်မာနိုင်ငံ သားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ ပုဒ်မ ၃ တို့အလို့ငှါ ၊ “ဗြိတိသျှ ဘုရင် မင်းမြတ်၏ အာဏာပြန့်နှံ့ ရာ နယ်မြေ” ဆိုသည်မှာ၊ ၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး အက်ဥပဒေ ပုဒ် မ ၂ (၂) တွင် ဖော်ပြထား သည့် နယ်မြေများကို ဆိုလိုသည်။

၎။ ။ (၁) အခြေခံ ဥပဒေပုဒ်မ ၁၁ (က)၊ (ခ) နှင့် (ဂ)အရ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ခဲ့သော သူသည် သို့တည်း မဟုတ် အခြေခံ ဥပဒေပု ဒ်မ ၁၁ (ဃ) အရ နိုင်ငံသား အဖြစ် ရွေးချယ်ခွင့် ရရှိ၍ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ရေး အက်ဥပဒေအရ နိုင်ငံသား လက်မှတ်ကို ရရှိသောသူသည်၊ (သို့တည်းမဟုတ်) ဤအက်ဥပဒေအရ နိုင်ငံသားပြုမှု လက်မှတ်ကို ဖြစ်စေ၊ နိုင်ငံသား လက်မှတ်ကို ဖြစ်စေ ရရှိသော သူသည်၊ သို့တည်းမ ဟုတ် ဤအက်ဥပဒေအရ အခြားနည်းဖြင့် ပြည်ထောင်စု နိုင်ငံသားကို ပေးအပ်ခြင်း ခံရသူသည်၊ ဤအက်ဥပဒေ ပြဋ္ဌာန်းချက် များအရ နိုင်ငံသား အဖြစ်ကို မဆုံးရှုံးလျှင် ၊ ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် တည်ရှိသည်ဟု မှတ်ယူရမည်။

(၂) ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေ တစ်ခုခုတွင် အနည်းဆုံး ဘိုးဘွား အားလုံး လက်ထက်မှ စ၍ မိမိတို့၏ ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက် နေထိုင် လာခဲ့သည့်ပြင် မိမိ၏ မိဘနှစ် ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင်၊ ထိုသူအား မြန်မာနိုင်ငံသား ဖြစ်သည်ဟု မှတ်ယူရမည်။

၅။ ။ အခြေခံ ဥပဒေ စတင် အာဏာ တည်ပြီးမှ၊ မွေးဖွားသည့် အောက်၌ ဖော်ပြသောသူ များသည် ပြည်ထောင်စု မြန်မာနိုင်ငံ သားများ ဖြစ်ရမည်။

(က) ပြည်ထောင်စု နိုင်ငံသား ဖြစ်သည့် မိဖတစ်ပါးပါးမှ၊ ပြည်ထောင်စု နိုင်ငံတွင် မွေးဖွားသူ၊

(ခ) ပြည်ထောင်စု နိုင်ငံသား ဖြစ်သော အဘမှ ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသူ၊

(ဂ) ပြည်ထောင်စု နိုင်ငံသားလည်း ဖြစ်၍ ပြည်ထောင်စု နိုင်ငံ အစိုးရအမှုကို ထမ်းနေဆဲဖြစ်သော မိဘတစ် ပါးပါးမှ ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသောသူ – စသည်ဖြင့် ပါရှိပါသည်။

ရိုဟင်ဂျာသည် နိုင်ငံခြားသားလော့…

ရိုဟင်ဂျာဆို သည်မှာ ရခိုင်ပြည်၌ အစဉ်တစိုက် နေထိုင်လာခဲ့ သော၊ နေထို င်လျက် ရှိသော အစ္စလာမ်ဘာ သာဝင်တို့ကို ဆိုလိုပါသည်။ ၁၈၆၄-ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မ ၁ အရ- နိုင်ငံခြား သားဆိုသည်မှာ မြန်မာနို င်ငံသားမဟုတ်သူ ကို ဆိုလိုသည်ဟု ပါရှိသည်။ ထို့အတူ ၁၉၄၇-ခုနှ စ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လက်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ အပိုဒ် ၂ (၁) (င) ၌လည်း “နိုင်ငံခြားသား ဆိုသည်မှာ ပြည်ထောင်စုသား မဟုတ်သည်ကိုဆိုသည်” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၁၉၄၇-ခုနှစ် မှစ၍ နိုင်ငံခြားသားများ ၀င်ရောက်လာမှုကို ထိန်းသိမ်း ကာကွယ်ရေး အတွက် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းကို စတင် ဆောင်ရွက် လာခဲ့သည်။ အစဦး၌ နှစ်စဉ် ကျပ်ငွေ ၅ သိန်းခန့်သာ သုံးစွဲသော်လည်း ၁၉၆၉-ခု နောက်ပိုင်းတွင် နှစ်စဉ် ကျပ်ငွေ သိန်း ၈၀ ကျော် သုံးစွဲ လာသည်။ ၀န်ထမ်း အင်အား ထောင်ကျော် တို့ကို ခန့်ထားကာ ဆောင်ရွက် နေသည်။ ရခိုင်တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ လုပ်ဆောင် ခဲ့သည့် သမိုင်း အကျဉ်း စာ-၄၀ တွင် ရခိုင်တိုင်း တွင် နိုင်ငံခြားသားများ ၀င်ရောက်မှု ကာကွယ်ရေးအဖွဲ့ (မ၊က၊ဖ) အဖွဲ့ (၃)ဖွဲ့ ဖွဲ့စည်းပြီး ၀န်ထမ်း အင်အား (၄၅) ဦးတို့ဖြင့် အခြေစိုက် စခန်း (၁၄) ခု ဖွင့်လှစ်ကာ နိုင်ငံခြားသားများ ၀င်ရောက်နေခြင်းကို စစ်ဆေးကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း၊ ၁၉၇၂-ခုနှစ်တွင် ရခိုင်တိုင်း၌ နိုင်ငံခြားသား (၁၁၉၂) ဦးရှိ၍ အခွန်ငွေ ၅၆,၆၀၀ိ / ရရှိကြောင်း ဖော်ပြထားသည်။ ၁၉၇၅-၇၆ ခုနှစ် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ ဒုတိယ သုံးလပတ် အစီရင်ခံစာတွင်လည်း ရခိုင်ပြည်နယ်၌ နိုင်ငံခြားသားပေါင်း (၁၀၃၇) ယောက်ရှိပြီး၊ အသက် (၁၂) နှစ် မှ (၁၈) နှစ်အထိ ကလေး (၁၅၂) ယောက်နှင့် (၁၂) နှစ်အောက် ကလေး (၇၇) ရှိနေကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၁၉၉၂ ခုနှစ် မှစ၍ န၀တ အစိုးရသည် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲရေး စီမံချက် အရ နယ် စပ်ဒေသ တလျှောက်တွင် နယ်မြေ (၁၈)ခု၊ စခန်းပေါင်း (၂၀)ကျော် ဖွင့်လှစ်၍ ၀န်ထမ်း အင်အား ၄၅၀၀ ဖြင့် နယ်စပ် လူဝင် လူထွက်ကို ကွပ်ကဲလျက် ရှိနေသော်လည်း ခိုးဝင်လာသူ နိုင်ငံခြားသား တစ်စုံ တစ်ဦး ကိုမှ မတွေ့ ရှိရကြောင်း၊ ပြည်တွင်းမှ နိုင်ငံခြားသို့ ခိုးထွက်သူ များသာ ရှိနေကြောင်း အတွင်း သတင်းများ အရ သိရှိရပါသည်။

သို့ဖြစ်ရာ ရခိုင်ပြည်၌ နိုင်ငံခြားသား တစ်ထောင်ကျော်မှ လွှဲ၍ အခြား နိုင်ငံခြားသား မရှိသည်မှာ ထင်ရှား နေပေသည်။ ထို့ကြောင့် ရိုဟင်ဂျာတို့မှာ နိုင်ငံခြားသား အလျဉ်း မဟုတ်ပေ။

ရိုဟင်ဂျာသည် တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုးတွင် ပါဝင်ခြင်း …

ရိုဟင်ဂျာတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့် မှစ၍ တစ်ဦးစ၊ နှစ် ဦးစမှ အုပ်စုလိုက် လည်းကောင်း၊ အလုံးအရင်းဖြင့် ၀င်ရောက် အခြေစိုက် နေထိုင် လာခဲ့သူများ ဖြစ်သည်။ ၁၇-ရာစုသို့ ရောက်သောအခါ ရခိုင်ပြည်၏ နန်းတွင်း၊ နန်းပြင်တွင် မူဆလင်တို့၏ သြဇာ အလွန် ကြီးမားခြင်းနှင့် မူဆလင် အများအပြား အခြေစိုက် နေထိုင်ခဲ့ကြောင်း သမိုင်း အထောက် အထား များအရ အခိုင်အလုံ တွေ့ရှိ ရပါသည်။

တနည်း အားဖြင့် ၁၇၈၄ မတိုင်မှီကပင် မူဆလင် ဘာသာဝင် တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်သော နယ်မြေ ဖြစ်သည့် ရခိုင်ပြည်တွင် မိမိတို့ ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် နေထိုင် လာခဲ့သူများ ပီပီ ၁၉၄၇-ခု နှစ် အခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) (ခ) နှင့် (၈) အရ အလို အလျောက် နိုင်ငံသား အဖြစ်သို့ လည်းကောင်း၊ ၁၉၄၈-ခု နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၃ (၁) အရ တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုးတွင် အကျုံးဝင်သော တိုင်းရင်းသား အဖြစ်ကို လည်းကောင်း မှတ်ယူသူ များဖြစ်ကြောင်း ထင်ရှား နေလေသည်။

ဗြိတိသျှ တပ်မှူး ရောဘတ်ဆန်၏ ၁၈၂၅ -ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ အစီရင်ခံစာအရ ထိုစဉ်က ရခိုင်ပြည်၌ လူဦးရေ တစ်သိန်းခန့် ရှိခဲ့ရာ ဗုဒ္ဓဘာသာ ရခိုင် ၆၀,၀၀၀ နှင့် မူဆလင် ၃၀,၀၀၀ ခန့် ရှိကြောင်း ပါရှိရာ၊ ဤမူဆလင် ၃၀,၀၀၀ မှ ဆင်းသက် လာသူတို့ မှာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား များဖြစ် ကြောင်းကို အငြင်းပွား စရာ အလျဉ်း မရှိနိုင်ပေ။ ထို့ပြင် ၁၇၈၄-ခုနှစ်တွ င် ဗမာ ကျူးကျော်ရေး စစ်၏ စစ်ဘေးဒဏ်နှင့် ၁၇၈၅-ခု နှစ် နောက်ပိုင်း ဗမာလေးမြို့ဝန် အုပ်ချုပ်ရေး ကာလ အတောအတွင်း ပြည်တွင်း လုံခြုံရေး မရှိ၍ စစ်တကောင်းသို့ ထွက်ပြေး တိမ်းရှောင် ခိုလှုံခဲ့သူများသည် ၁၈၂၆-ခုနှစ် နောက်ပိုင်း ပြည်တွင်း လုံခြုံမှု အတော်အသင့် ရှိလာသဖြင့် ပြန်လည် ၀င်ရောက် လာခဲ့ကြသည် ။ ယင်းတွင် ဗုဒ္ဓဘာသာ ရခိုင် အမျိုးသားများ အပြင်၊ မူဆလင်များနှင့် တောင်ပေါ် လူမျိုးစု များလည်း အများအပြား ပါဝင်ခဲ့သည်။ ထို့ကြောင့် ယင်းတို့ကလည်း အခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) (ခ) (၈) နှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၃ (၁) အရ တိုင်းရင်းသား လူမျိုးများ ဖြစ်ကြသည်။

ကိုလိုနီခေတ်ဦးရောက် မူဆလင်များ…

၁၈၂၆-ခုနှစ် မှ ၁၉၃၇-ခုနှစ် အထိ နှစ်ပေါ င်း ၁၀၀ ကျော် အတွင်း ရခိုင်ပြည်သည် လည်းကောင်း၊ ၁၈၈၅-ခုမှ ၁၉၃၇-ခုနှစ် မြန်မာ တပြည်လုံးသည် လည်းကောင်း ဗြိတိသျှ အုပ်ချုပ်သော အိန္ဒိယ၏ ပြည်နယ် အဖြစ်သာ တည်ရှိခဲ့သည်။ ထို့ကြောင့် ထိုကာလအတွင်း တစ်ပြည်မှ တစ်ပြည်သို့ ၀င်ထွက် သွားလာရာ၌ နိုင်ငံကူး လက်မှတ်၊ ဗီဇာ စသည်တို့ မလိုချေ။ တစ်ပြည် မှတစ်ပြည် သို့ ပြောင်းရွှေ့နေထိုင်ရန်လည်း ဥပဒေအရ တားမြစ်မှု တစ်စုံတစ်ရာ မရှိခဲ့ချေ။

ယင်းသို့ ပြောင်းရွှေ နေထိုင်ခြင်းသည် မတရား ခိုးဝင် နေထိုင်ခြင်းမျိုး မဟုတ်ဘဲ၊ တရားဝင် ပြောင်းရွှေ့ နေထိုင်ခြင်းသာ မည်ပေသည်။ ထိုစဉ်၌ အိန္ဒိယမှ အခြားလူမျိုးများ နည်းတူ မူဆလင် တို့ကလည်း ရခိုင်ပြည်သို့ လာရောက် အခြေကျ နေထိုင် လာခဲ့သည်။ ယင်းတို့ သားသမီးများ ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံ၏ နယ်မြေထဲတွင် ပါဝင်လာသည့် ရခိုင်ပြည်၌ ပင်ရင်း တိုင်းပြည်အဖြစ် စဉ်ဆက်မပြတ် ယနေ့တိုင် နေထိုင်လျက် ရှိနေကြသည်။ ယင်းတို့သည် ၁၉၄၈-ခု နိုင် ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄ (၂) အရ မြန်မာနိုင်ငံသား အဖြစ် မှတ်ယူခြင်း ခံရသူများ ဖြစ်ကြသည်။

ရွေးချယ်တင်မြှောက်ပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်

ပြည်သူ့လွှတ်တော် ရွေးချယ် တင်မြှောက်ပွဲ များတွင် လည်းကောင်း၊ အခြား အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲ များတွင် လည်းကောင်း လွတ်လပ်စွာ ရွေးချယ် တင်မြှောက် ပိုင်ခွင့်နှင့် ရွေးချယ် တင်မြှောက် ခံပိုင်ခွင့်သည် နိုင်ငံသား၏ မူလ အခြေခံ အခွင့်အရေး ပင်ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံသားများ ဖြစ်ကြသော ရိုဟင်ဂျာ တိုင်းရင်းသား များသည် ကိုလိုနီခေတ် ရွေးကောက်ပွဲ များတွင် လည်းကောင်း၊ ပါလီမန်ခေတ် အထွေထွေ ရွေးကောက်ပွဲ များတွင် လည်းကောင်း၊ မဆလခေတ် ပြည်သူ့ လွှတ်တော်နှင့် ကောင်စီ အဆင့်ဆင့် ရွေးချယ်တင် မြှောက်ပွဲများ၌ လည်းကောင်း၊ န၀တခေတ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် လည်းကောင်း လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ပိုင်ခွင့်လည်း ရှိ၍ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့်လည်း ရရှိခဲ့သည်။

ဗြိတိသျှတို့သည် အိန္ဒိယမှ မြန်မာ နိုင်ငံအား ခွဲထုတ်ပြီး ၁၉၃၅-ခု မြန်မာနိုင်ငံ အက်ဥပဒေကို ပြဋ္ဌာန်း လိုက်သည်။ ဤဥပဒေအရ ဒိုင်အာခီ အုပ်ချုပ်ရေးကို ဖျက်သိမ်းကာ အုပ်ချုပ်ရေး စနစ် အသစ် တစ်ရပ်ကို အစားထိုး တီထွင် လိုက်လေသည်။ ယင်းအုပ်ချုပ်ရေးကို ၉၁ ဌာန အုပ်ချုပ်ရေး ဟုခေါ်သည်။ ၉၈ ဌာနခွဲ၍ အုပ်ချုပ်ရာ၌ ၉၁ ဌာနတွင် နိုင်ငံသားတို့ ပါဝင်ရမည် ဖြစ်သဖြင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု ခေါ်ထွင်ခြင်း ဖြစ်သည်။

ဤအုပ်ချုပ်ရေး စနစ်အရ မင်းတိုင်ပင် အမတ် ၁၃၂ ဦးကို ရွေးချယ်ရန် ဖြစ်ပြီး တိုင်းရင်းသား အပြင် နိုင်ငံခြားသား ကိုယ်စားလှယ် များလည်း ပါဝင်ခွင့် ရရှိ သည်။ တိုင်းရင်းသား မဲဆန္ဒနယ် အဖြစ် မြန်မာ (၉၅) နှင့် ကရင်(၁၂)၊ ပေါင်း (၁၀၇) နယ်ဖြစ်ပြီး၊ နိုင်ငံခြားသား မဲဆန္ဒ နယ်အဖြစ် အိန္ဒိယအမျိုးသားများအတွက် (၁၃)၊ အင်္ဂ လိပ်-မြန်မာ (၂)၊ တရုတ် (၁) နှင့် ဥရောပလူ မျိုးအတွက် (၉)၊ ပေါ င်း (၂၅) နယ်ခွဲကာ ၁၉၃၆-ခု နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ရခိုင် ဒေသတွင် တိုင်းရင်းသား မြန်မာ မဲဆန္ဒနယ် (၉) နယ်နှင့် အိန္ဒိယ အမျိုးသားများ အတွက် စစ်တွေမြို့ပေါ်တွင် (၁) နယ်၊ ပေါင်းမဲဆန္ဒနယ် (၁၀) ခုတွင် မင်းတိုင်ပင် အမတ် ၁၀-ဦးကို ရွေးချယ် ခဲ့ရာ၊ ရိုဟင်ဂျာတို့က တိုင်းရင်းသား မဲဆန္ဒနယ်မှ မဲပေးပိုင်ခွင့် ရရှိခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုး ဂနီမာရ်ကန် က မောင်းတော- ဘူးသီးတောင် မဲဆန္ဒနယ်မှ မြန်မာ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

အောင်ဆန်း- အက်တလီ သဘောတူ စာချုပ် အရ မြန်မာပြည်အား တစ်နှစ် အတွင်း လုံးဝ လွတ်လပ်ရေး ပေးရန် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇-ခု ဧပြီလ (၉) ရက်နေ့တွင် စတင် ကျင်းပခဲ့သည် ။ ဤရွေးကောက်ပွဲတွင် ရိုဟင်ဂျာ တို့၏ သမိုင်းမှန်ကို မသိ၍ မောင်းတော- ဘူးသီးတောင်မှ ရိုဟင်ဂျာများသည် မဲပေးပိုင်ခွင့် ရရှိအောင် လျှောက်ထားရန် လိုသည်ဟု အမိန့်ထုတ် ခဲ့သည်။ ရိုဟင်ဂျာ ခေါင်းဆောင် များက စစ်တွေ ခရိုင်ဝန်နှင့် တွေ့ဆုံ ရှင်းလင်းသော အခါ ခရိုင် ၀န်မင်းသည် ရန်ကုန်နှင့် ဆက်သွယ်၍ ရိုဟင်ဂျာများ မဲပေးရန်နှင့် ရွေးချယ် ခံယူရန် လျှောက်ထား စရာ မလိုကြောင်း၊ အလိုအလျောက် ဤအခွင့်အရေးများ ရရှိသည့် နိုင်ငံသားများ ဖြစ်ကြောင်း ကြေးနန်ဖြင့် အကြောင်းကြား၍ မောင်းတော- ဘူးသီးတောင်မှ ရိုဟင်ဂျာ များသည် မဲပေးပိုင်ခွင့်လည်း ရရှိ၍ ရွေးချယ် ခံပိုင်ခွင့်လည်း ရရှိ ခဲ့သည်။ ဤရွေးကောက်ပွဲတွင် မောင်တော မဲဆန္ဒနယ်မှ မစ္စတာ ဆုလ်တန် အာမတ်က လည်းကောင်း၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ မစ္စတာ အဒူဂေါပ္ပါရ်က လည်းကောင်း တိုင်းပြုပြည်ပြု လွှတ်တော် အမတ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ပါလီမန်ခေတ် ရွေးကောက်ပွဲ များကို ၁၉၅၂၊ ၁၉၅၆ နှင့် ၁၉၆၀ နှစ် များတွင် ကျင်းပခဲ့ရာ ရိုဟင်ဂျာ အမျိုးသား များသည် မြန်မာနိုင်ငံသား များပီပီ လွတ်လပ်စွာ မဲဆန္ဒ ပေးပိုင်ခွင့်လည်း ရရှိ၍ ရွေးချယ်ခံပိုင် ခွင့်လည်း ရရှိခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ (၃) ပွဲ စလုံးတွင် ရိုဟင်ဂျာ ပါလီမန် အမတ် (၅) ဦးစီ ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

မဆလခေတ်တွင် ပြည်သူ့လွှတ်တော်နှင့် ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြောက်ပွဲများကို ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ -ခုနှစ် များတွင် ကျင်းပခဲ့ သည်။ ၁၉၇၄-ခု ဖွဲ့စည်းပုံအရ မဆလခေတ် ရွေးကောက် ပွဲ တွင် အဖိုးအဖွား၊ မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် မြန်မာနိုင်ငံသား (Three Generations) ဖြစ်ပါမှ လူထု ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခွင့် ရှိကြောင်း ပြဋ္ဌာန်း ခဲ့ကြသည်။ ယင်းဥပဒေပါ အင်္ဂါရပ် များနှင့် ညီညွတ်မှု မရှိသောကြောင့် သတ္တုတွင်း ၀န်ကြီး ဒေါက်တာညီညီ၊ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဝင်း တို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နှုတ်ထွက် ကြရသည်။

ရိုဟင်ဂျာ တို့သည် ပြည်သူ့ လွှတ်တော်နှင့် ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြောက်ပွဲ အားလုံးတွင် မဲဆန္ဒ ပေးပိုင် ခွင့်လည်း ရရှိပြီး၊ ရွေးချယ် ခံပိုင်ခွင့်လည်း ရရှိခဲ့သည်။ ရွေးချယ် တင်မြောက်ရန် အမည် စာရင်း တင်သွင်း ခဲ့သော သို့မဟုတ် ရွေးချယ် တင်မြောက် ခံခဲ့ ရသော မည်သည့် ရိုဟင်ဂျာ ပြည်သူ့ ကိုယ်စားလှယ်မှ အခြေခံ ဥပဒေ ပုဒ်မ ၁၇၉ ပါ အင်္ဂါရပ်နှင့် မညီညွတ် သောကြောင့် တားမြစ် ခံရခြင်း၊ နှုတ်ထွက် ကြရခြင်း မရှိခဲ့ချေ။

န၀တသည် ၁၉၈၉-ခု ပြည်သူ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းကာ ၁၉၉၀ ပြည့် နှစ်၊ မေလ(၂ရ) ရက်တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲတွင် နိုင်ငံသားများ နည်းတူ ဧည့်နိုင်ငံသား များနှင့် နိုင်ငံသားပြုခြင်း ခံရသူ များပါ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသော်လည်း၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (စ) အရ- ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခြင်း ခံရသူ များနှင့် နိုင်ငံခြားသား များသည် ရွေးချယ်တင်မြှောက်ခံ ပိုင်ခွင့် မရှိချေ။ ပုဒ် မ ၈ (၂) တွင် အကျုံးဝင်သူ များသာ ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့် ရှိသည်ဟု ပုဒ်မ ၁၀ (ဃ) တွင် ဖော်ပြထားသည်။

ပုဒ်မ ၈(၂) အရ…

နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံ သား၊

(သို့မဟုတ် )

မိဘနှစ် ပါးစလုံး သေဆုံးလျှင် ၁၉၄၈-ခု နိုင်ငံသားအက်ဥပဒေအရ အလိုအလျောက် နိုင် ငံသားအဖြစ် ရရှိမည့်သူများမှ မွေးဖွားသူ နိုင် ငံသား၊

(သို့မဟုတ် )

မိဘနှစ်ပါး စလုံး သက်ရှိ ထင်ရှား ရှိလျှင်ဖြစ်စေ၊ သေဆုံးလျှင်ဖြစ်စေ နိုင်ငံသား ဖြစ်ပြီးသူ၊ ဖြစ်ခဲ့သူ မိဘနှစ် ပါးမှ မွေးဖွားသူ နိုင်ငံသား၊

(သို့မဟုတ် )

မိဘတစ်ပါးသည် တိုင်းရင်းသား တစ်မျိုးမျိုးတွင် ပါဝင်ပြီး ကျန်တစ်ဦးသည် မြန်မာနို င်ငံသား အက်ဥပဒေ အာဏာ တည်သောနေ့ မတိုင်မီ သေဆုံး၍ နိုင်ငံသားအဖြစ် ရွေးချယ်ရေး အတွက် လျှောက်ထား ပိုင်ခွင့်ရှိသူများမှ မွေးဖွားသူ နိုင်ငံသား…တို့ကသာ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့် ရှိသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာတိုင်း လွတ်လပ်စွာ ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိခဲ့သည်။ ရွေးချယ် တင်မြှောက်ခံရန် ရိုဟင်ဂျာ အမတ်လောင်း (၃၀) ကျော် အမည် တင်သွင်းကာ မဲဆွယ်ခဲ့ရာ၊ ယင်းတို့အနက် (၄) ဦး ရွေးချယ်ခြင်း ခံခဲ့ရလေသည်။ ကမန် အမျိုးသား မူဆလင် တစ်ဦးလည်း ရွေးချယ်ခြင်း ခံခဲ့လေသည်။

ရိုဟင်ဂျာ တို့ သည် ၁၉၈၉-ခု ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (၂) အရ အရည်အချင်း ပြည့်စုံသည့် အလျှောက် မည်သည့် ရိုဟင်ဂျာ တစ်ဦးမျှ ပုဒ်မ ၁၀ (ဃ) နှင့် (စ) အရ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့် မရှိဟု တားမြစ် ပိတ်ပင်ခြင်း မခံခဲ့ရချေ။ ရွေးချယ်ခံ ခဲ့ရသူ များလည်း အဆိုပါ ပုဒ်မအရ ရုပ်သိမ်းခြင်း မခံခဲ့ရပေ။

အစိုးရ အကြီးအကဲ တို့၏ အသိအမှတ် ပြုမှုများ

၁။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု သည် ၁၉၅၄-ခု စက်တင် ဘာလ (၂၅) ရက်နေ့ည ၈-နာရီအချိန် တိုင်းပြည် သို့ အသံလွှင့် မိန့် ခွန်း ပြောကြားခဲ့ရာ၌ “ဒီ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ် အတွင်းမှာ နေကြတဲ့ ပြည်ထောင်စုသား များဟာ များသော အားဖြင့် ရိုဟင်ဂျာ အမျိုးသားများ ဖြစ်ကြပြီး မူဆလင်များ ဖြစ်ကြပါ တယ်။” ဟု မိန့်ကြားခဲ့ဘူးသည်။

၂။ နိုင်ငံတော် ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဦးဗဆွေသည် ၁၉၅၉-ခု နိုဝင်္ဘာလ ၃- ရက်နေ့ နှင့် ၄ ရက်နေ့ များတွင် ကျင်းပသည့် ဘူးသီးတောင် နှင့် မောင်းတော လူထု အစည်းအဝေး များတွင် “ရိုဟင်ဂျာ လူမျိုးစု များဟာ ပြည်ထောင်စုသားများ ဖြစ်ကြတဲ့ မွန်၊ မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စတဲ့ တိုင်းရင်းသား လူမျိုးစု များနဲ့ တန်းတူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း များစွာ ရာဇ၀င်အရ နေထိုင် လာခဲ့ကြောင်း၊ ၄င်းတို့ဟာ သစ္စာ သမာဓိနဲ့ ပြည့်စုံပြီး တိုင်းရင်းသား အခြား လူမျိုးများနဲ့ ရင်းနှီးစွာ ချစ်ကြည်ကြောင်း” မိန့်ကြား ခဲ့လေသည်။

ဤသို့ အစိုးရ အကြီးအကဲ ၀န်ကြီးချုပ် နှစ်ဦးစလုံးက ယင်းတို့ အာဏာ ရှိစဉ် ကာလ အတွင်း တိုင်းသိ ပြည်သိ ရိုဟင်ဂျာ တို့အား နိုင်ငံသား အဖြစ်၊ တိုင်းရင်သား အဖြစ် တရားဝင် ကြေညာခြင်းသည် ရိုဟင်ဂျာ တို့၏ ဖြစ်ရပ် အမှန်ကို လက်ခံခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ တရားစီရင်ထုံးများ

တရားရုံး၏ စစ်ဆေးစီရင်ပိုင်ခွင့်အာဏာ

လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ် မ ၇ – ကို ပြင်ဆင်ခြင်း မပြုမီက နိုင်ငံတော် သမ္မတသည် လည်းကောင်း၊ ထိုအက်ဥပဒေ ပုဒ် မ ၇ – အပိုဒ်ငယ် (၁) အရ ခန့်အပ်သော အာဏာပိုင်သည် လည်းကောင်း ထိုအက်ဥပဒေ ပုဒ် မ တစ်ခု ခုကို သို့တည်း မဟုတ် ထိုအက်ဥပဒေ အရ ပြဋ္ဌာန်း ထားသော နည်းဥပဒေ တစ်ခုခုကို ကျူးလွန်ကြောင်းဖြင့် တရား ရုံးတော်က အပြစ်ပေးခံရသူ နိုင်ငံခြားသားအား ပြည်နှင်ဒဏ် ခတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားလေသည်။

ယင်းဥပဒေပုဒ်မ ၇ ကို ၁၉၅၇ – ခုနှစ် အက်ဥပဒေအမှတ် ၃၉ အရ ပြင်ဆင် ရာတွင် – နိုင်ငံ တော်သမတသည်လည်းကောင်း၊ နိုင်ငံ တော်သမတက ခန့်အပ်သည့် အာဏာပိုင်သည်လည်းကောင်း အဆိုပါ အက်ဥပဒေ၊ သို့တည်း မဟုတ်၊ နည်းဥပဒေများကို ချိုးဖောက်သူ နိုင်ငံခြားသားအား တရားစွဲမည့်အစား ပြည်နှင် ဒဏ်ခတ်နိုင်ကြောင်း ပြဋ္ဌာန်း လိုက်လေသည်။ ထို့ပြင်လည်း ယင်းသို့ ပြည်နှင် ဒဏ်ခတ်ခြင်း မပြု မီ နိုင်ငံခြားသား တစ်ဦးသည် ထိုဥပဒေကိုသော် လည်းကောင်း၊ အက်ဥပဒေအရ ပြဋ္ဌာန်း ထားသည့် နည်းဥပဒေ အရပ်ရပ်ကိုသော် လည်းကောင်း ကျူးလွန်သည် ၊ မကျူးလွန်သည်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်း လိုက်လေသည်။

ယင်းသို့ ပြဋ္ဌာန်းချက် များကို ထောက်ထားသော်၊ နိုင်ငံတော် သမ္မတ၊ သို့တည်းမဟုတ်၊ နိုင်ငံတော် သမ္မတက ခန့်အပ်ထားသော အာဏာပိုင်က နိုင်ငံခြားသား တစ်ဦးဦးသည် အဆိုပါ အက်ဥပဒေ နှင့် ဆန့်ကျင်သော ပြစ်မှုကို ကျူးလွန်သည့် မှုခင်းကိစ္စ၌ တရားရုံးတော်များ စစ်ဆေးစီရင်သည့် နည်းတူ စစ်ဆေး စီရင်ခွင့် ရှိသည်မှာ ထင်ရှားလေသည်။ ယင်းသို့သော တရားရုံးများ၌ စစ်ဆေး စီရင်ပိုင်ခွင့် အာဏာမျိုးမှာ အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့် အာဏာမျိုး ဖြစ်သည်ဟု မယူဆနိုင်ပေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၅၀ အရ၊ ကန့်သတ် ထားသည့် တရားစီရင် ရေးဆိုင်ရာ အလုပ် ၀တ္တရား များကို ဖြစ်စေ၊ အာဏာကိုဖြစ်စေ သုံးစွဲ ဆောင်ရွက်သည့် သဘော သက်ရောက်သည်ဟု ယူဆရပေမည်။ (၁၉၅၈ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားလွှတ် တော်ချုပ် (တလခ) -၁၀၂)

ဆော်ယော့အလေါမ် (ခ) ဆော်ယော့ခန်အမက် ပါ- ၂၃ ဦးနှင့် အတွင်းဝန် လူဝင်မှုကြီးကြပ်ရေး ဌာန ပါ -၂

မြန်မာပြည်တွင် မြန်မာလူမျိုး အစစ် အများအပြား မရောက်သေးသော ဒေသများ၌ မြန်မာနှင့် အသွင် မတူ၊မြန်မာ စကားမတတ်၊ မြန်မာပြည်တွင် ဘယ်တုန်းက ဘာဖြစ်ခဲ့သည်ကို မပြောနိုင်သေးသော ပြည်ထောင်စု တိုင်းရင်းသားများ ရှိကြသေးသည်။ ရခိုင် ဒေသများ၌ မြန်မာစကား မတတ်သူ ပြည်ထောင်စု သားများ အမြောက်အများ ရှိနိုင်သည်။ ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ ၄ (၂) အရ၊ ရှေးအခါက နိုင်ငံခြားမှ လာ၍ နေထိုင်ကြ သူများမှ ဆင်းသက်သော မြေးမြစ်များသည် ဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ကြသည်။ (၁၉၆၀ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားလွှတ်တော်ချုပ် (တလခ) -၂၁၅)

ဟာဆောင်အလီ/မေဟေရ်အလီ နှင့် အတွင်းဝန် လူဝင်မှုကြီးကြပ်ရေးဌာန ပါ-၁

မျိုးဆက် ၂ ဆက် မြန်မာပြည်၌ ပင်ရင်း တိုင်းပြည် အဖြစ် နေထိုင်သူတို့မှ ဆင်းသက်လာပြီး၊ မိမိ အပါအ၀င် မိဘနှစ်ပါး စလုံး မြန်မာနိုင်ငံ၌ မွေးဖွားသူသည် ဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်သည်။ (၁၉၅၉ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားလွှတ်တော်ချုပ် (တလခ) -၁၈၇)

ဂနီ (ခေါ်) မောင်ချစ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ

ပုဒ်မ ၄ (၂) ၏ လိုအပ်ချက်မှာ လျှောက်ထားသူနှင့် ၄င်း၏ မိဘနှစ်ပါးသာ မြန်မာပြည်မှာ မွေးဖွား ကြသူများ ဖြစ်ကြောင်း လိုအပ်၍ ဘိုးဘွားများနှင့် ပတ်သက်၍မူ ၄င်းတို့ သည် မြန်မာပြည်တွင် ပင်ရင်းတိုင်းပြည် အဖြစ် အမျိုး အဆက်မပြတ် နေထိုင်ခဲ့ကြောင်းသာ လိုအပ်ပေသည်။ (၁၉၆၃ -မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားရုံးချုပ် (တရခ) ၇၅၃)

ပီဆွာမီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ

လျှောက်ထားသူသည် ပြည်ထောင်စုသား ဖြစ်မှု အက်ဥဒေ ပုဒ်မ ၄ (၂) တွင် အကျုံးဝင် စေဦးတော့၊ သက်သေ အထောက် အထားများ အရ အထူး တွဲဖက် ခရို င် တရားမ ရာဇ၀တ် တရားသူကြီး များက ထောက်ခံ၍ သက်ဆိုင်ရာ ၀န်ကြီး ဌာနသို့ တင်ပြရသည်။ ၀န်ကြီး ဌာနက လက်မှတ်ထုတ် ပေးမှ ပြည်ထောင်စုသား ဘ၀ကို ရသည်ဟူ၍ မှတ်ချက် ချထားသည်ကို ၄င်း၏ အစီရင်ခံစာတွင် တွေ့ရသည်။ သို့ရာတွင် အမှန်အားဖြင့် အခြေခံ ဥပဒေ အရ ဖြစ်စေ၊ ပြည်ထောင်စုသား ဖြစ်မှု အက်ဥပဒေ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ အရ ဖြစ်စေ၊ ဇာတိအရ ပြည်ထောင်စုသား ဖြစ်ကြသည်ဟု မှတ်သားခြင်း ခံရသူ များသည် ပြည်ထောင်စုသား ဖြစ်မှုကို လျှောက်ထားခံယူရန် မလိုပေ။ မွေးကတည်းကပင် ပြည်ထောင်စုသား ဖြစ်ကြပါသည်။ ၄င်းတို့အနေနှင့် ဒွိဟရှိ မှ ဒွိဟကင်းစေရန် ပုဒ် မ ၆ အရ ဒွိဟကင်းသော လက်မှတ် တောင်းယူ နိုင်သည်။ (၁၉၆၅ မြန်မာနိုင်ငံ စီရင်ထုံး (မစထ)၊ တရားရုံးချုပ် (တရခ) ၁၂၈)

အထက်ပါ စီရင်ထုံးများကို ထောက်ရှုလျှင် ရိုဟင်ဂျာတို့၏ ဥပဒေအရ နိုင်ငံသားဖြစ် မှုကို အငြင်းပွားစရာ လုံးဝ မရှိတန်ပေ။

တိုင်းရင်းသားများအဖြစ် အခွင့်အရေး ရရှိခဲ့ခြင်း

၁။ ၁၉၆၀ ပြည့်နှစ်၌မှ ၁၉၆၂-ခုနှ စ် အထိ ပြည်ထောင်စုနေ့ အခမ်း အနား များသို့ ရိုဟင်ဂျာ အမျိုးသား ကိုယ်စားလှယ် များသည် တိုင်းရင်းသား ကိုယ်စားလှယ်များ အဖြစ် တက်ရောက်ခွင့် ရရှိခဲ့သည်။

၂။ ၁၉၆၀ ပြည့်နှစ် အောင်ဆန်း အားကစားကွင်းတွင် ကျင်းပခဲ့သော တိုင်းရင်းသား လူမျိုးများ ရိုးရာ ယဉ်ကျေးမှု ပြိုင်ပွဲတွင် ရခိုင်နှင့် ရိုဟင်ဂျာ ရိုးရာ အားကစား တစ်မျိုးဖြစ်သော ကျင်ပွဲ၌ ရိုဟင်ဂျာ ကျင်သန်များ ပါဝင် ဆင်နွဲခွင့် ရရှိခဲ့သည်။

၃။ ၁၉၆၄- ခုနှစ်တွင် တော်လှန်ရေး ကောင်စီမှ ကျင်းပခဲ့သော ခပေါင်း တောင်သူ လယ်သမား များနှီးနှော ဖလှယ်ပွဲတွင် ရိုဟင်ဂျာ တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခွင့် ရရှိခဲ့သည်။

၎။ ၁၉၆၉ – ခုနှစ် ကျိုက္ကဆံကွင်းတွင် တော်လှန်ရေး ကောင်စီမှ ကျင်းပသော အလုပ်သမား နှီးနှော ဖလှယ်ပွဲသို့ ရိုဟင်ဂျာ ကိုယ်စားလှယ်များ တက်ရောက်ခွင့် ရရှိခဲ့သည်။

၅။ ၁၉၆၁ -ခုနှစ် မေလ (၁၅) ရက်နေ့မှ ၁၉၆၅ -ခု အောက်တိုဘာလ (၁) ရက်နေ့ထိ တိုင်းရင်းသား ဘာသာ အစီအစဉ် များတွင် တိုင်းရင်းသား ရိုဟင်ဂျာ ဘာသာ အစီအစဉ် များကို မြန်မာ့အသံ၊ ဒုတိယပိုင်း အစီစဉ်၊ ညနေ ၅-နာရီခွဲမှစ၍ လှိုင်းတိုမီတာ ၆၂.၆၇ နှင့် ၂၆.၁၇ မီတာများမှ ၁၀-မိနစ်စီ၊ တစ်ပတ်လျှင် (၃) ကြိမ်ကျ အသံလွှင့်ခွင့် ရရှိခဲ့သည်။

၆။ ၁၉၆၀ မှ ၁၉၇၀ ပြည့်နှစ် အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ကျင်းပလေ့ ရှိသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲပြို င်ပွဲ များတွင် တိုင်းရင်းသား လူမျိုးများ ဓါတ်ပုံပြပွဲ၌ ရခိုင်အုပ်စုတွင် ရခိုင်၊ သက်၊ ဒိုင်းနက် ၊ မြိုစသည် တိုင်းရင်းသား လူမျိုး၏ ဓါတ်ပုံနှင့်အတူ ရိုဟင်ဂျာ အမျိုးသားနှင့် အမျိုးသမီး များ၏ ဓါတ်ပုံကိုပါ နှစ်စဉ် ပြသလေ့ ရှိလေသည်။

ဖော်ပြပါ များသည် နိုင်ငံတော်မှ ရိုဟင်ဂျာ တို့အား တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုကာ အခြား တိုင်းရင်းသားများ နည်းတူ ပြည်ထောင်စု အရေး ကိစ္စများတွင် ပါဝင်ဆောင်ရွက် စေခြင်းများ ဖြစ်ကြသည်။
၁၉၇၄- ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ

မဆလခေတ် ရေးဆွဲထားသော ၁၉၇၄-ခု ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁၁)၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ အောက်ရှိ ပုဒ်မ ၁၄၅ တွင်(က) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ အားလုံးသည် နိုင်ငံသားများ ဖြစ်သည်။ (ခ) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ များသည်လည်း နိုင်ငံသားများ ဖြစ်သည် -ဟု ပြဋ္ဌာန်းထားသည်။

ဆိုလိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စု မိဘနှစ်ပါးမှ မွေးဖွားသူ အမျိုးသား၊ အမျိုးသမီး အားလုံး တို့သည် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံသား ဖြစ်မှုကို မွေးရာပါ အခွင့် အရေးအရ နိုင်ငံသား အဖြစ် ရရှိကြ လေသည်။ ထို့ပြင် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍ တည်ဆဲ ဥပဒေများ အရ (၁၉၄၇ -ခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ၊ ၁၉၄၈-ခုနှ စ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေ၊ သို့မဟုတ်၊ ၁၉၄၈ -ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ် ”ရွေးချယ်ရေး” အက်ဥပဒေအရ) နိုင်ငံသား ဖြစ်သည့် ၊ သို့တည်း မဟုတ်၊ ဖြစ်သည်ဟု မှတ်ယူခြင်း ခံရသည့်၊ သို့တည်း မဟုတ် ၊ ဖြစ်သည်ဟု အသိအမှတ် ပြုခြင်းခံ ရသည့် သူများနှင့် ယင်းတို့က မွေးဖွားကြသော အမျိုးသား၊ အမျိုးသမီး များကိုလည်း ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံသား အဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆက်လက်၍ အသိအမှတ် ပြုထား လေသည်။

သို့ဖြစ်ရာ ရိုဟင်ဂျာ တို့သည် တည်ဆဲ ဥပဒေများ အရ မြန်မာနိုင်ငံသား ဖြစ်ပြီးသူများ ဖြစ်သည့် အလျောက် ၁၉၇၄ -ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရလည်း နိုင်ငံသားများ ဖြစ်ကြသည်။

၁၉၈၂ -ခု နိုင်ငံသား ဥပဒေ

၁၉၈၂-ခု မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၃ အရ တိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင် ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော လူမျိုးတွင် ပါဝင်သူ များနှင့် ယခု နိုင်ငံတော်တွင် ပါဝင်သော နယ်မြေ တစ်ခုခု၌ ၁၈၂၃-ခုနှစ် (မြန်မာသက္ကရာဇ် – ၁၁၈၅-ခုနှစ် ) မတိုင်မီ ကာလမှစ၍ မိမိတို့၏ ပင်ရင်း နိုင်ငံ အဖြစ် ထာဝစဉ် အခြေစိုက် နေထိုင်ခဲ့သော လူမျိုးစုများတွင် ပါဝင်သူများသည် နိုင်ငံသား ဖြစ်သည်။ ပုဒ်မ ၅ အရ၊ တိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူသည် လည်းကောင်း၊ ဇာတိအရ နိုင်ငံသားများ ဖြစ်ကြသည်။ ပုဒ်မ ၆ အရ၊ ဤဥပဒေ အာဏာ တည်သောနေ့တွင် နိုင်ငံသား ဖြစ်ပြီးသူ များလည်း နိုင်ငံသား ဖြစ်သည်။ သို့သော် ပုဒ်မ ၁၈ အရ၊ အရည်အချင်း ပျက်ယွင်းခြင်း မရှိစေရ-ဟု ပြဋ္ဌာန်းပါ ရှိပါသည် ။

ရိုဟင်ဂျာတို့သည် ဤဥပဒေ ပုဒ်မ သုံးခုစလုံးနှင့် အကျုံးဝင် သူများပီပီ မြန်မာနိုင်ငံသား အဖြစ် ဆက်လက် ရှိနေကြသည်။ ရိုဟင်ဂျာတို့အား ဧည့်နိုင်ငံသား၊ သို့မဟုတ်၊ နိုင်ငံမဲ့ ဘ၀ ရောက်၍ နိုင်ငံသား ပြုခြင်း ခံရအောင် လျှောက်ထား ရမည်ဟု မှတ်ယူစရာ အလျဉ်းမရှိချေ။

ဖော်ပြပါ ၁၉၇၄ -ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၁၉၈၂ -ခုနှစ် နိုင်ငံသား ဥပဒေတို့မှာ ပြည်သူ လူထု၏ လွတ်လပ်စွာ အဆို တင်သွင်း ပြောဆိုမှု ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့သည့်ပြင် စစ်အာဏာရှင်တို့ အာဏာ သက်ဆိုး ရှည်စေရေးကို မျှော်ကိုး၍ ရေးဆို ပြဋ္ဌာန်း ခဲ့သော်လည်း ရိုဟင်ဂျာတို့ နိုင်ငံသား ဖြစ်ရေးကို ရပ်စဲ စေခြင်း မပြုလုပ် နိုင်ခဲ့ချေ။

အထက်ပါတို့ကို ခြုံငုံသုံးသပ် ရသော် …

၁။ ရိုဟင်ဂျာတို့သည် နိုင်ငံခြားသားမဟုတ်။

၂။ အခြား မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ နည်းတူ ရှေးနှစ်ပေါင်းများစွာ အလျင်ကစ၍ မြန်မာနိုင်ငံ၌ လာရောက် အခြေစိုက်၊ စဉ်ဆက်မပြတ်၊ ထာဝစဉ် နေထိုင်လာခဲ့သော တိုင်းရင်းသားများ ဖြစ်ကြသည်။

၃။ ၁၉၄၇ -ခု ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ လည်းကောင်း၊ ၁၉၄၈ ခု မြန်မာနိုင်ငံသား ဥပဒေ အရ လည်းကောင်း၊ ၁၉၇၄ -ခု ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လည်းကောင်း၊ ၁၉၈၂ -ခု မြန်မာနိုင်ငံသား ဥပဒေ အရ လည်းကောင်း ရိုဟင်ဂျာတို့သည် ဥပဒေအရ နိုင်ငံသားဖြစ်သည်။

၎။ နိုင်ငံတော်၏ ရွေးချယ် တင်မြှောက်ပွဲ အားလုံးတွင် လည်းကောင်း၊ အဆင့်ဆင့်တိုင်းတွင် လည်းကောင်း၊ မဲပေးပိုင်ခွင့်နှင့် ရွေးချယ် ခံပိုင်ခွင့်ကို လွတ်လပ်စွာ ရရှိခဲ့သည်။

၅။ နိုင်ငံ၏ အမြင့်ဆုံး တရား စီရင်ရေး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သော တရား လွှတ်တော်ချုပ်၊ သို့မဟုတ်၊ တရားရုံးချုပ် တို့၏ စီရင်ထုံးများအရ ရိုဟင်ဂျာ တို့သည် ဥပဒေအရ နိုင်ငံသားဖြစ်မှုကို ရှင်းလင်းစွာ အနက် ဖွင့်ဆို ထားသည်။

၆။ နိုင်ငံတော်၏ အမြင့်ဆုံး စီမံခန့်ခွဲရေးမှူးများ ဖြစ်ကြသည့် နိုင်ငံတော် ၀န်ကြီးချု ပ် နှစ်ဦးက ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကျေညာခြင်းသည် ရိုဟင်ဂျာ တို့အား အခြေအနေ အရ နိုင်ငံသား အဖြစ် အသိအမှတ်ပြု ခံရသူများ (de facto citizens) မဟုတ်။ ဇာတိအရ၊ တရား ဥပဒေအရ နိုင်ငံသားများ (de jure citizens) များဖြစ်ကြောင်း ထင်ရှားလေသည်။

၇။ နိုင်ငံတော်သည် အခါ အားလျော်စွာ ရိုဟင်ဂျာ တို့အား အခြား တိုင်းရင်းသားများ နည်းတူ နိုင်ငံ၏ အရေး ကိစ္စများ၊ အထိမ်းအမှတ်ပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ပြပွဲပြိုင်ပွဲများတွင် ကိုယ်စားပြု ခွင့် ပေးခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာတို့သည် …

(က) ၁၉၄၉ – ခု မြန်မာနိုင်ငံ၌ နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေအရ အမျိုးသား မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ခွင့် ရှိသူများ။

(ခ) အကြိမ်ကြိမ် ကောက်ယူလေ့ ရှိသော သန်းခေါင် စာရင်းများအရ.. လူဦးရေ စာရင်း၊ အိမ်ထောင်စု စာရင်း၊ မိသားစု စာရင်း အစရှိသည့် နိုင်ငံတော် စာရင်းဇယား အားလုံးတွင် တိကျစွာ ပါဝင်သူများ။

(ဂ) နိုင်ငံပြင်ပသို့ သွားလာရာ၌ နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ခွင့် ရှိသူများ။

(ဃ) နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ သာသနာရေး ဆိုင်ရာ ပါတီများ၊ အသင်းအဖွဲ့များ၊ အစည်းအရုံးများ တရားဝင် မှတ်ပုံတင်ပြီး ဖွဲ့စည်းခွင့်၊ အခြားသူတို့ ဖွဲ့စည်းသည် များတွင် တရားဝင် ပါဝင်ခွင့် ရှိသူများ။

(င) တစ်ပါတီ အာဏာရှင်စနစ် တလျှောက်တွင်ပင် စစ်အာဏာရှင်များ ကိုယ်တိုင် ဖွဲ့စည်း တည်ထောင် ပေးခဲ့သော လူထု လူတန်းစား အဖွဲ့အစည်းများ အမည်ခံ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ၊ လယ်သမား အစည်းအရုံး၊ အလုပ်သမား အစည်းအရုံး၊ လမ်းစဉ် လူငယ် စသည်တို့တွင် တရားဝင် ပါဝင်ခွင့် ရှိခဲ့သူများ။

(စ) နိုင်ငံတော်၏ စီမံခန့်ခွဲမှု ရေးရာများ၊ တရားစီရင်မှု ရေးရာများ၊ ဥပဒေပြု စုမှု ရေးရာများတွင် ပါဝင်ခွင့် ရှိသူများ။

(ဆ) နိုင်ငံတော် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ၀န်ထမ်း အဖွဲ့အစည်း များတွင် တာဝန် ထမ်းဆောင်ခွင့် ရှိသူများ။

(ဇ) နိုင်ငံတော် အခွန် အကောက်ကို ပြည့်ဝစွာ ပေးဆောင်သူများ။

(ဈ ) ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပိုင်ဆိုင်ခွင့်၊ လက်ဝယ်ထား ရှိခွင့် ၊ ရောင်းဝယ် ဖောက်ကားခွင့်၊ လှဲ့လှယ်သုံးပိုင်ခွင့် ရှိသူများ။

(ည) နိုင်ငံတော်၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး စသည့် နယ်ပယ်တိုင်းတွင် ပါဝင် ဆောင်ရွက်ခွင့် ရှိသူများ… … … ဖြစ်ကြပေသည်။

သို့သော် နိုင်ငံတော် အစိုးရ အဆက်ဆက် တို့သည် ရိုဟင်ဂျာတို့အား ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေး၌ လည်းကောင်း၊ ရိုဟင်ဂျာတို့၏ အသက်၊ အိုးအိမ် ၊ ဂုဏ်သိက္ခာ၏ လုံခြုံမှုကို ရရှိရေး၌ လည်းကောင်း၊ မွေးရာပါ အခွင့်အရေးများ မဆုံးရှုံး မနစ်နာ စေရအောင် ကာကွယ်ရာ၌ လည်းကောင်း ဥပေက္ခာ ပြုသည်ကို တွေ့ရှိရ ပါသည်။ ရိုဟင်ဂျာတို့အား နိုင်ငံသား မဟုတ် ပါဟု တရားဝင် ကျေညာ ပြောဆို ထုတ်ပြန်မှု တစ်စုံတစ်ရာ မပြုသော်လည်း တရားဝင် မဟုတ်သော ပြောဆို ရေးသားမှု များဖြင့် ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်မှုကို သေးသိမ်စေသော ပြုမူ ဆောင်ရွက်မှုများ ပြုလေ့ရှိသည်။ ယင်းသို့ ပြုမူ ဆောင်ရွက်မှု များသည် ခွဲခြားမှု၊ ဖိနှိပ်မှု၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုမှ လွှဲ၍ အခြားအကြောင်း တစ်စုံတစ်ရာ မရှိနိုင်ပေ။

၁၉၉၄-ခု ဖေဖေါ်ဝါရီလ (၁၂) ရက်။


Mr. Aman Ullah, a Rohingya historian based in Bangladesh and he was a former school teacher in Ann township and the southern part of Maungdaw, Arakan State, Myanmar, who has contributed in the field of Rohingya history and humanitarian stance.

Mr. Aman Ullah, a Rohingya historian based in Bangladesh and he was a former school teacher in Ann township and the southern part of Maungdaw, Arakan State, Myanmar, who has contributed in the field of Rohingya history and humanitarian stance.