Current News

ရိုဟင်ဂျာမလေး

နီလာမြင့် (ဒိန်းမတ်)

ဒီဝတ္တု ကလေးရဲ့ နာမည်ကို ရိုဟင်ဂျာမလေး လို့ ပေးရခြင်း အကြောင်း ကတော့ ကျွန်မ လေးစား နှစ်သက် ရတဲ့ အကိုကြီး အဆိုတော် လားရှိုး သိန်းအောင် ရဲ့ ရိုဟင်ဂျာမလေး သီချင်းကို ဂုဏ်ပြုသော အားဖြင့် ပေးရခြင်း ဖြစ်ပါတယ်။ ဒီဝတ္တု ကလေးဟာ အနည်းငယ်သော ရိုဟင်ဂျာ ပညာတတ် အသိုင်း အဝိုင်းရဲ့ အနည်းငယ်သော ဒုက္ခကိုသာ ထင်ဟပ် ပြသနိုင်စွမ်း ရှိပြီး တကယ့် လက်ရှိ ဘဝမှာ ဖြစ်ပျက် ခံစား နေရတဲ့ မျက်နှာမွဲ ပညာမဲ့ ရိုဟင်ဂျာ တို့ရဲ့ နေ့တဓူဝ ပေါင်းများစွာ ခံစား နေရတဲ့ အမျိုးမျိုး သော ဒုက္ခများ ကိုတော့ စာဖွဲ့ခြင်း အလို့ငှာ ကျွန်မ အလျဉ်း မစွမ်း နိုင်ပါ။ ရိုဟင်ဂျာ တို့ရဲ့ ဒုက္ခ များဟာ ပြောပြ၍ ကုန်နိုင် မည်မဟုတ် သောကြောင့်ပါ။

                                                ********

ညဖက် ဘူးသီးတောင် ဗလီကြီးမှာ ဒေါက်တာ လွန်းအောင် တယောက် အေရှာ (ညပိုင်း ဝတ်ပြုခြင်း) အပြီး ဗလီ အပြင်ဖက်မှာ မိတ်ဆွေ အချို့နဲ့ စကားလက်ဆုံ ကျနေ ပါတယ်။ မိတ်ဆွေ တယောက်က…

‘ဆရာ ဒီအပတ် တနင်္ဂနွေနေ့ ၁၀ တန်း အောင်စာရင်း ထွက်မယ် ကြားတယ် ဆရာ။ ကျွန်တော်တို့ တော့ မယ်လာ (အလှူပွဲကြီး) စားရ တော့မယ် ထင်တယ်။ ဆရာ့ သမီးကို ဆရာ ကိုယ်တိုင် ဖိဖိ စီးစီး သင်ပေး ထားဒါ ဆိုတော့ သူထူးထူး ချွန်ချွန် အောင်မှာ သေချာတယ်’

‘ဟာ ရှားကဲရ်ဘိုင် ဒီသတင်း ခင်ဗျား ဘယ်က ကြားဒါလဲ။ ကျွန်တော်လဲ ဒီ တနင်္ဂနွေ ထွက်မယ် ကြားတယ်။ ဒါပေမဲ့ သေချာ ပါ့မလားလို့’

‘သေချာတယ် ထင်တယ် ဆရာ။ ကျွန်တော် ပညာရေးမှူးရုံး က ဝန်ထမ်း ကိုအောင်ကျော် စီက ကြားဒါ’

‘ဒါဆို သေချာ မှာပေါ့။ ကျွန်တော် အိမ်ပြန် လိုက်အုံး မယ်ဗျာ။ သမီးကို ဒီသတင်း သွားပေး လိုက်အုံး မယ်။ သမီးက သူ့အောင်စာရင်း ဘယ်တော့ ထွက်မလဲ အရမ်းသိ ချင်နေဒါ။ အားလုံးဘဲ ပြန်မယ်ဗျာ’

ဒေါက်တာ လွန်းအောင် တယောက် အိမ်ကို ခပ်သွက်သွက် ပြန်လာ ခဲ့တယ်။ အိမ်ရောက် တော့ သမီးက အိမ်ရှေ့ခန်းမှာ သူ့မောင်လေး၊ ညီမလေး တွေကို စာသင် ပေးနေလေရဲ့။

‘သမီးရေ၊ ဒီအပတ် တနင်္ဂနွေ သမီးတို့ အောင်စာရင်း ထွက်မှာ သေချာ တယ် သမီးရေ။ ဖေဖေ အခုဘဲ ဗလီ က ကြားခဲ့ဒါ’

‘ဟင်… တကယ် ဖေဖေ.. အမလေး ဖေဖေ ရယ် သမီး ကြောက်လိုက်ဒါ။ သမီးရဲ့ Result က ဘယ်လို နေမလဲ မသိ ဘူးနော်’

‘အော်.. ငါ့သမီး ကလဲ၊ သမီး ဘာသာစုံ ကောင်းကောင်း ဖြေနိုင်ဒါဘဲ။ ဘာမှ စိုးရိမ် စရာ မရှိဘူး။ အင်ရှာ အလ္လာဟ် (အလ္လာ အရှင်မြတ် အမိန့်တော်ဖြင့်) ငါ့သမီး ထူးထူး ချွန်ချွန် အောင်မယ် ဆိုဒါ ဖေဖေ ယုံကြည် ပြီးသား’

‘အဲဒါ အားလုံး ဖေဖေ့ ကြောင့်ပါ ဖေဖေ။ ဖေဖေ ဆေးခန်းက တဖက်၊ လူမှုရေး လုပ်ငန်း တွေက တဖက်၊ မအားတဲ့ ကြားထဲက သမီးကို နေ့တိုင်း မှန်မှန် အချိန် ပုံမှန် ယူပြီး စာသင် ပေးခဲ့လို့ သမီး အခုလို ကောင်းကောင်း မွန်မွန် ဖြေနိုင် ခဲ့ဒါပါ ဖေဖေ’

‘ဟာ.. မမကြီး အောင်စာရင်း ထွက်တော့မယ် ဟုတ်လား။ အောင်ရင် ညီမတို့ကို မုန့်ဝယ် ကျွေးရ မယ်နော်’

‘အမလေး… ဂုဏ်ထူး များများ ထွက်အောင်သာ ဒူဝါလုပ် (ဆုတောင်း)။ နင်တို့ကို မုန့်တွေကော အဝတ် အစားတွေ ကော ဝယ်ပေးမယ်၊ စိတ်ချ’

                                                ********

စနေနေ့ ည ၉ နာရီ

‘ဖေဖေရယ်၊ မနက်ဖန် အောင်စာရင်း ထွက်တော့မယ်၊ သမီး သွားမကြည့် ရဲသေးဘူး။ ဖေဖေ အရင် သွား ကြည့်ပေး ပါနော်၊ သမီး ကြောက်လို့ပါ’

‘အော်… ငါ့သမီးကလဲ၊ သမီး ဒီလောက် ဖြေနိုင်ခဲ့တဲ့ ဟာကို၊ အေးပါကွာ၊ ဖေဖေ ဖဂျဲရ် (မနက်စောစော ဝတ်ပြုခြင်း) ဖတ်ပြီး အပြန် အရင် ကြည့်လာ ခဲ့မယ်။ သမီး နောက်မှ အေးအေး ဆေးဆေး ကိုယ့်ဘာသာ ကိုယ် သွားကြည့်ပေါ့၊ ဟုတ်ပြီလား။ မိန်းမရေ.. မနက်ဖြန် အိမ်မှာ ဟင်းကောင်းကောင်း ချက်ထားနော်။ အိမ်ကို လူတွေ သတင်း လာမေးကြ မှာကွ’

‘ကျွန်မ အကုန် စီစဉ်ပြီးသားပါရှင်’

တနင်္ဂနွေနေ့ မနက် ၆ နာရီ

‘သမီးရေ.. သမီး.. ငါ့သမီး ဂုဏ်ထူး ၅ ခု ထွက်တယ်ကွ၊ Chemistry တခုဘဲ မထွက်ဒါ၊ ဖေဖေ ထင်တယ်၊ ဒါလဲ ဂုဏ်ထူး မှတ်ကပ်နေ မှာဘဲ’

‘ဖေဖေ.. တကယ်နော် ဖေဖေ.. သမီး ပျော်လိုက်ဒါ ဖေဖေရယ်’ ဟုဆိုကာ အဖေကို ဖက်၍ ငိုပါ လေ တော့သည်။

‘မိန်းမရေ.. မင်း သမီးကို ကြည့်ပါ အုန်းကွာ၊ အရူးမလေးကျ နေဒါဘဲ’ ဟုဆိုကာ မျက်ရည် လည်ရွှဲဖြင့် ပြောလိုက် သောအခါ ကုလားထိုင် ပေါ်တွင် ငိုနေသော မိန်းမကို တွေ့ရလေသည်။ သား သမီး အငယ် တွေ ကတော့ မြူးတူး ခုန်ပေါက် နေကြတော့သည်။ တနေ့လုံးလည်း အိမ်မှာ ဧည့်သည် တွေနှင့် စကား ပြော၍ လည်းမကုန်၊ ချက်ပြုတ်၍ လည်း လက်မလည် နိုင်ဘဲ ပျော်ရွှင် စရာ အတိ နှင့် ပြီးခဲ့သော မင်္ဂလာ ရှိသော နေ့ တနေ့ပင် ဖြစ်ပါ တော့သည်။

                                                *********

ဆုမြတ်နန္ဒာအောင် တယောက် အောင်စာရင်း ထွက်ပြီး တပတ်လောက် ပျော်ရွှင် ခဲ့ရ ပေမဲ့ တဖြည်းဖြည်း စိုးရိမ် စိတ်တွေ ဝင်လာ ရပါ တော့တယ်။ ဘာကြောင့် လဲ ဆိုတော့ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုးတွေ ကို ၁၉၉၀ နောက်ပိုင်း ပြည်မ ဖက်ကို ခရီး သွားခွင့် ပိတ်လိုက် ပြီး ပထမ ပိုင်းတော့ အသက်မွေး ဝမ်းကျောင်း ဘာသာ ရတဲ့ ကျောင်းသား တွေနဲ့ စစ်တွေ တက္ကသိုလ် မှ Master တက်ခွင့် ရတဲ့ သူများ သာ ရန်ကုန် သွားရောက် ပညာ သင်ခွင့် ရှိပြီး ၁၉၉၈ လောက် ကစပြီး အသက်မွေး ဝမ်းကျောင်း ဘာသာ ရတဲ့ ကျောင်းသား တွေကော Master ရတဲ့ ကျောင်းသား တွေပါ ရန်ကုန် ကို ပညာသင်ခွင့် မရ တော့ပါဘူး။ ဘယ်လောက်ဘဲ အမှတ် ကောင်းကောင်း စစ်တွေ တက္ကသိုလ် မှာ ရိုးရိုး မေဂျာ တခုခု တက်၊ ကျောင်း ပြီးရင် ရိုဟင်ဂျာ တွေဟာ အစိုးရ ဝန်ထမ်းလည်း လုပ်ခွင့် မရှိဘဲ အိမ်မှာ ကျူရှင် လေးဘာလေး သင်ချင် သင်၊ ဒါမှ မဟုတ် မိဘ လက်ငုတ် စီးပွါးရေး ရှိတဲ့ သူကလည်း အဲဒါလေး ဘဲ ဆက်လုပ်။ အဲဒါလည်း မရှိ ယင်တော့ ဟိုယောင်ဝါး ဒီယောင်ဝါး နဲ့ ဝေလေလေ လုပ်ပေါ့။ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုးတွေ ဟာ ဦးနု အစိုးရ လက်ထက် ပါလီမန် ဒီမိုကရေစီ ခေတ်က အခြား တိုင်းရင်းသား များနည်းတူ တန်းတူ အခွင့် အရေး ရခဲ့ ပေမဲ့ ၁၉၆၂ ဦးနေဝင်း အာဏာ ရရှိပြီး နောက်ပိုင်း ရိုဟင်ဂျာ လူမျိုးတွေ ကို တဖြည်းဖြည်း နဲ့ စံနစ် တကျ ခွဲခြား အုပ်ချုပ် လာဒါ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး လက်ထက် ဦးခင်ညွန့် အာဏာ ရှိချိန် မှာ အဆိုး ဆုံးပေါ့။ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုး တွေရဲ့ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး တွေကို စံနစ် တကျ ရည်ရွယ် ချက်ရှိရှိ နိမ့်ပါး အောင် ဖျက်စီး လာဒါ အခု ၂၀၀၉ မှာတော့ ဆိုးရင်း ဆိုးရင်း နဲ့ ဒီထက် ဆိုးစရာ လည်း မရှိ တော့ဘူး။ လူတွေ ရဲ့ စိတ်ဓါတ်တွေ လည်း ကျရင်း ကျရင်းနဲ့ ကုန်းကောက် စရာ တောင် မရှိတော့ ပါဘူးရှင်။

အောင်စာရင်း ထွက်ပြီး ရက် ၂၀ ခန့် အကြာ မြို့နယ် ပညာ ရေးမှူးရုံးမှ ခေါ်၍ ကျွန်မ နဲ့ ဖေဖေ တို့ သွားခဲ့ ကြတယ်။ ပညာရေးမှူး မှ ကျွန်မရဲ့ အမှတ် စာရင်း နဲ့ ကျွန်မ ဟာ ရခိုင် ပြည်နယ် တခု လုံးမှာ ဒုတိယ၊ ရခိုင် ပြည်နယ် တခု လုံးမှာ မြန်မာစာ နှင့် အင်္ဂလိပ်စာ အမှတ် အများဆုံး ရရှိ ကြောင်း ပြောပြ ပါတယ်။ ဖေဖေ က ပညာရေးမှူး အား

‘ဆရာ… အခုလို ကြားရ တဲ့အတွက် ကျွန်တော် အရမ်း ဝမ်းသာ ပါတယ်ဗျာ။ သမီးဟာ အခု ဆိုရင် ရခိုင် ပြည်နယ် ရဲ့ဂုဏ်၊ ကျောင်းရဲ့ ဂုဏ်ကို ဆောင်နိုင် ခဲ့ပြီ။ နောင်ကို လည်း ရခိုင် ပြည်နယ် ဖွံ့ဖြိုး တိုးတက် ရေး၊ ဒေသ ဖွံ့ဖြိုးရေးတို့ကို ကျရာ နေရာက စွမ်းစွမ်း တမန် ပါဝင် ဆောင်ရွက် လိမ့်မယ် ဆိုဒါ ကျွန်တော် ရဲ၇ဲ ကြီး အာမခံ ရဲပါတယ်ဗျာ။ သမီး ရန်ကုန် ဆေးတက္ကသိုလ် မှာ ပညာ သင်ကြား နိုင်ရေး အတွက် ဆရာ တို့ ကူညီ ဆောင်ရွက် ပေးပါ လို့ ကျွန်တော် အနှုးအညွှတ် မေတ္တာ ရပ်ခံ ပါတယ်ဗျာ’

ပညာရေးမှူးမှ… ‘ကျွန်တော် တို့လဲ ကြိုးစား ကြည့်ပါမယ်။ ဒါပေမဲ့ ဥပဒေ ကို ကျော်လွန် ပြီးတော တော့ ကျွန်တော် တို့လဲ ဘာမှ မတတ် နိုင်ဘူးဗျာ… ဟုတ်ပြီ ကိုလွန်အောင် ရေ၊ ကျွန်တော် လဲ အစည်း အဝေး ရှိလို့ သွားလိုက် အုံးမယ်… Good Luck ဗျာ’ ဟု ဆိုပြီး နှုတ်ဆက် ထွက်ခွါ သွားပါ တော့တယ်။

ပညာရေးမှူး ရုံးက အပြန် မှာတော ဖေဖေကော ကျွန်မကော တလမ်းလုံး စကား တခွန်းမှ မပြော နိုင်ကြ တော့ ပါဘူး။ နှစ်ယောက် စလုံး ရဲ့ ရင်ထဲမှာ အတွေး ကိုယ်စီ နဲ့ ဝမ်းသာ ရမှာလား၊ ဝမ်းနဲ ရမှာလား ပင်ခွဲ ခြား မသိ နိုင်တော့ ပါဘူး။ အိမ်ပြန် အရောက် မေမေ အိမ်ပေါက်ဝ မှ ဆီးကြို၍ အကျိုး အကြောင်း မေးဒါ ကိုပင် ပြန် မဖြေ နိုင်ဘဲ အခန်းထဲ သို့ တန်းဝင်၍ အားရ ပါးရ ငိုချ လိုက်ပါ တော့တယ်။

အောင်စာရင်း ထွက်ပြီး နောက်ပိုင်း ကျွန်မလည်း ပတ်ဝန်းကျုင် ကခလေးတွေ အိမ်က ခလေး တွေကို စာသင် ရဒါ စိတ်မ ပါနိုင် တော့ဘဲ စိတ်နဲ့ လူနဲ့ ကပ်အောင် ကိုမနည်း ကြိုးစား နေရတယ်။ ဖေဖေ လည်းဒီ လိုပါဘဲ။ ဆေးခန်း ထိုင်ရ ဒါသိပ် စိတ်မပါ တော့ဘူး။ အရင်ဆို ဆေးကု နေရ ရင် ထမင်းမေ့ ဟင်းမေ့ နေတတ် တဲ့ ဖေဖေ အခု တော့ လူနာ တွေကို တခါ တလေ ဟောက်တတ် နေပြီ။ ဒါပေမဲ့ ပတ်ဝန်းကျင် က နားလည် ပေးကြ ပါတယ်။ ဖေဖေ တော်တော် စိတ် မကောင်း ဖြစ်နေ တယ်ဆိုဒါ။ မေမေ လည်း ဒီလို ပါဘဲ။ အိမ်မှု ကိစ္စ တွေကို တာဝန် အရ သာလုပ် နေရဒါ စိတ်မပါ ဘူးဆိုဒါ။ တခါ တလေ ကျွန်မ မသိ အောင် ငိုထားဒါ မေမေ့ မျက်နှာ က သက်သေ ပြနေ ပါတယ်။ ခလေး တွေဆို အော်ဟစ် မက စားရဲ တော့ဘဲ ဟင်းလည်း ဂျီမကျ တော့ဘူး ထင်ပါရဲ့။ ထမင်း ဝိုင်းမှာ ဘာအသံ မှ မကြားရ တော့ဘဲ ခပ်မြန်မြန် သွက်သွက် စားပြီး အခန်း ထဲကို ခပ်ကုပ်ကုပ် ဝင်၊ ကိုယ့်စာအုပ် ကိုယ်ထုတ် ပြီး စာကြည့် နေကြ လေရဲ့။ တအိမ် လုံးလည်း တိတ်ဆိတ်လို့။

‘အင်း.. မဖြစ်သေး ပါဘူး။ ဒီအခြေ အနေ က လွန်မြောက် အောင် ငါလုပ် မှဖြစ် တော့မယ်။ ငါ ဝမ်းနည်း ပြနေရင် တအိမ်လုံး အခြေ အနေ ပိုဆိုး သွားနိုင်တယ်။ ငါ စိတ်ဓါတ် မကျဘဲ ကိုယ်ရတဲ့ ဘာသာ ကို အကောင်းဆုံး၊ အထူးချွန် ဆုံးဖြစ် အောင်ကြိုး စားပြီး ပျော်ပျော် ရွှင်ရွှင် နေပြ သွားယင် ငါ့ မိသားစု အခြေ အနေ အရင် လို ပုံမှန် ပြန်ဖြစ် လာနိုင်တယ်။ ငါ ဒီနေ့ က စပြီး ငါ့ မိသားစု အရင်လို ပျော်ပျော် ရွှင်ရွှင် ပြန် ဖြစ်အောင် ကြိုးစား သွားမယ်။ ငါ စိတ်ဓါတ် ကျလို့ စုမြတ်နန္ဒာ ရေ။ ဖြစ်နေတဲ့ ဘဝ ကို ဒီထက် မရှုံး အောင်၊ အရှုံး ထဲက အမြတ် ထွက်အောင် အကောင်းဆုံး ကြိုးစား ပြနိုင် ရမယ် ‘Fighting’ စုမြတ်နန္ဒာ၊ အားတင်း ထားဟု ဆိုကာ ကိုယ့် စိတ်ဓါတ် ကို ကိုယ် အကြိမ်ကြိမ် ပြန် ကောက် ကောက် တင်ရ လေသည်။

တနေ့ မနက်စာ (Breakfast) စား အပြီး အငယ် တွေက ကျောင်းသွား ကုန်ကြပြီ။ ဖေဖေ အိမ်ရှေ့က ဆေးခန်း လေးမှာ မထိုင်ခင် ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ် ဧည့်ခန်း ထဲမှာ စကား လက်ဆုံ ကျနေ ကြတယ်။

‘လက်ရှိ သန်းရွှေ အစိုးရ ကတော့ ကွာ သူတို့ရဲ့ အကြံပေး ကလိမ် ကကျစ် တွေနဲ့ ပေါင်းပြီး တိုင်းပြည် ထဲမှာ ခိုးဝင် ဘန်ဂါလီ၊ ခိုးဝင် ဘန်ဂါလီ ဆိုပြီး မိုးမွှန်အောင် ဝါဒ ဖြန့်နေ ကြတယ်။ ချီးစားတဲ့ ကောင်တွေ ကလဲ ယုံတော် မူကြတယ်။ ဖေဖေ မေးလိုက် ချင်တယ်၊ ဒီအစိုးရ ကို၊ ပြောရေး ဆိုခွင့် ရှိယင် ပေါ့ကွာ။ ကျွန်တော် တို့ ရိုဟင်ဂျာ တွေ ထဲက ဘယ်သူတွေ ကများ ခိုးဝင် လာဒါလဲ။ ခိုးဝင် လာတယ် ဆိုယင် ခိုးဝင် လာကြောင်း အထောက် အထား ခိုင်ခိုင် မာမာ ပြပါလို့။ ဒါမျိုး ဆိုရင်တော့ သူတို့ သေမလောက် ကြောက် ကြတယ်။ တကယ်တန်း နိုင်ငံ တကာနဲ့ နင်လား ငါလား ပြောရ ဆိုရ ပြီဆိုရင် တော့ ခိုးဝင် ဆိုဒါ မရှိ ပါဘူး၊ ခိုးထွက် နေဒါဘဲ ရှိပါ တယ်ဆိုပြီး မျက်နှာ ပြောင်တိုက် မျက်နှာ ငယ်ငယ် နဲ့ ပြောရဲတယ်။ တကယ့် ဗြောင်လိမ်၊ ဗြောင်စား တွေပါကွာ’

‘ဖေဖေ တို့ လူမျိုး တွေကို သူတို့ က ပညာ မဲ့တွေ ဖြစ်အောင် စံနစ် တကျ အကွက် ကျကျ စီမံ ပြီး သူတို့ ဗိုလ်ကျ ချင်တိုင်း ကျနေ ဒါပေါ့ကွာ။ န စ က ဆိုတဲ့ ကောင်တွေ ကလဲ တနေ့ တမျှိုး မရိုး ရအောင် ငွေညှစ် ဒမြ တိုက်နေ ကြတယ်။ ဌာန ဆိုင်ရာ အသီးသီး က ဝန်ထမ်းတွေ ကလဲ မိုက်ကြေး ခွဲ၊ ဆက်ကြေး တောင်း ပုံစံ မျိုး လုပ်နေ ကြတယ်။ ဒါတွေ ဟာ အစိုးရ အထက် ပိုင်းက ပုဂ္ဂိုလ် တွေရဲ့ ညွှန်ကြား ချက်နဲ့ လုပ်နေ ဒါကွ’

‘ဖေဖေ ဆိုရင် ကွာ နိုင်ငံ သားတွေဘဲ တက်ခွင့် ရတဲ့ ရန်ကုန် ဆေး တက္ကသိုလ် က ဒေါက်တာ ဘွဲ့ ရခဲ့ တယ်။ ဖေဖေ့ အဖေ ဆိုရင် ဘူးသီးတောင် မြို့နယ် စခန်းမှုး ဟောင်း၊ အဲဒါ နိုင်ငံသား ဘဲ လုပ်လို့ ရဒါကွ။ ဖေဖေ့ ရဲ့ အဖိုး ဆိုယင် အဖိုးတို့ ရွာရဲ့ အစိုးရ အသိ အမှတ် ပြု သူကြီး၊ အဖိုးကို အစိုးရ က ချီးမြှင့် ထားတဲ့ ဝန်ထမ်းကောင်း လက်မှတ် တွေ ဖေဖေ့ မှာ အခုထိ ရှိတယ်။ အဖိုး က ဖေဖေ တို့ကို သူ့ ငယ် ဘဝ အကြောင်း၊ အဖိုးရဲ့ အဖေ၊ အဖိုးရဲ့ အဖိုး တွေ အကြောင်း အမြဲတန်း ပြောပြလေ့ ရှိတယ်။ အဖိုးရဲ့ အဖိုး ဒီဒေသ ကနေ ဆော်ဒီအရေးဗီးယား မှာ ရှိတဲ့ မက္ကာမြို့ ကို ဟဂ်ျသွား လုပ်ဒါ အသွား အပြန် လမ်းခရီး မှာ တနှစ် နီးပါး ကြာကြောင်း၊ လမ်းပန်း ဆက်သွယ် ရေးတွေ ဘယ်လို ခက်ခဲ ကြောင်း၊ ဒီဒေသ ရဲ့ အဖြစ် အပျက် တွေကို ဖေဖေ တို့ ငယ်ငယ် က အမြဲတန်း အဖိုးဆီက အိပ်ရာဝင် ပုံပြင် တွေ အဖြစ် ကြားခဲ့ ရတယ်။ အဲဒါ ကိုများ ဖေဖေ တို့ လူမျိုး တွေကို မနေ့ တနေ့ က ခိုးဝင် လာတဲ့ လူတွေ တဲ့ကွာ’

‘အေး.. ဖေဖေ တို့ လူမျိုးတွေ ထဲကဘဲ အစိုးရ နဲ့ ပူးပေါင်းပြီး စီးပွါးရေး လုပ်ကိုင် နေတဲ့ ခရိုနီ ဆိုတဲ့ ကောင်တွေ ကလဲ သူတို့ လုပ်ပိုင် ခွင့်တွေ ရဖို့၊ သူတို့ မိသားစု ကောင်းစား ဖို့ အတွက် ကိုယ့် လူမျိုး တွေကို ဘန်ဂါလီ ဇာတ် သွင်းနေ ကြတယ်။ အသား ထဲက လောက်ထွက် တဲ့ ကောင်တွေ ပေါ့ကွာ။ ပညာမဲ့၊ ဥစ္စာမဲ့ တဲ့ လူတွေ ကို မဖြစ် စလောက် ငွေလေးပြ၊ မဟုတ်တန်း တရား တွေနဲ့ မြူဆွယ်၊ မစားရ ဝခမန်း တွေ ပြောပြီး ဘန်ဂါလီ အဖြစ် ခံယု ခိုင်းနေ တယ်ကွာ။ White Card တွေ ယူခိုင်း နေတယ်ကွာ။ အေး.. သူတို့ ကိုင်သလား ဆိုတော့ သူတို့ကျ မကိုင်ဘူး။ ပန်းရောင်ကဒ်၊ ကြံ့ခိုင်ရေးကဒ်၊ ဒေသ ဖွံ့ဖြိုးရေးကဒ်၊ ရှိသမျှကဒ် အကုန် ကိုင်ထား ကြတယ်။ ကိုယ့် လူမျိုးကျ ဖြစ်ချင် သလိုဖြစ်၊ ငါတို့ ကောင်းစားရင် ပြီးရော တွေပေါ့’

‘မကြာခင် ရွေးကောက်ပွဲ လာတော့မယ်။ လာကြ ပါလိမ့်မယ် အဲဒီ ခရိုနီ ဆိုဒါတွေ။ သူတို့ ကို မဲထည့်ရင် ဘာလုပ် ပေးမယ်၊ ညာလုပ် ပေးမယ်၊ ဘယ်လို အခွင့် အရေး တွေရမယ်၊ တပြည်လုံး နဲ့ တန်းတူ နိုင်ငံသား အခွင့် အရေး တွေရမယ် ဆိုပြီး အာပေါင် အာရင်း သန်သန် နဲ့ မဲဆွယ် စည်းရုံး တော့မယ်။ အေး.. သူတို့ ရဲ့ နောက်ကွယ် မှာ သူတို့ကို ကြိုးကိုင် နေတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး က ကောင်တွေ ရှိတယ်။ ဖေဖေ တော့ မြင်ယောင်တယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အနိုင် ရသွား လို့ အစိုးရ ဖြစ်လာရင် ဖေဖေတို့ လူမျိုး တွေကို တတိယ နိုင်ငံ သွားချင် သွား၊ ပင်လယ်ထဲ မျောချင် မျော၊ ကြိုက်တဲ့ လမ်းရွေးလို့ ပြောလိမ့် မယ်’

‘ဖေဖေ တို့ရဲ့ ဘိုးစဉ် ဘောင်ဆက် တွေနဲ့ ဖေဖေ တို့ဟာ မြန်မာနိုင်ငံ တနိုင်ငံ လုံးနဲ့ တန်းတူ နိုင်ငံသား မှတ်ပုံတင် ရခဲ့ ကြတယ်။ ခင်ညွှန့် လက်ထက် ကျတော့မှ ဗုဒ္ဓ ဘာသာ ကိုးကွယ် သူတွေကို ပန်းရောင် ကဒ် လဲပေးပြီး ကျန်တဲ့ လူတွေကိုတော့ ယခင် အမျိုးသား မှတ်ပုံတင် ဘဲ ကိုင်ရတယ်။ အခြား ဘာသာ ဝင်တွေ ထဲက နိုင်ငံ့ ဝန်ထမ်းတွေ၊ လဝက ရုံးကို ပြောနိုင် ဆိုနိုင် အထောက် အထား ပြနိုင် သူတွေ၊ သူတို့ အသိ အမှတ် ပြုထားတဲ့ တိုင်းရင်း သားတွေ လောက်ဘဲ ပန်းရောင်ကဒ် ရကြဒါပါ။ ဒါတောင် အခက် အခဲ တွေ အများကြီး၊ ငွေတွေ အများကြီး အကုန် အကျခံ ပြီးမှ ရကြဒါ။ အေး.. ဒါပေမဲ့ နိုင်ငံသား အထောက် အထား ခိုင်ခိုင် မာမာ ရှိခဲ့တဲ့ ဖေဖေ တို့ရဲ့ နောင် မျိုးဆက်တွေ ဖြစ်တဲ့ သမီးတို့ အလှည့် ကျတော့ White Card (ယာယီ နိုင်ငံသား စီစစ်ရေး ကဒ်ပြား) တဲ့ကွာ။ ဘယ်လောက် ရင်နာဖို့ ကောင်းလဲ။ အစိုးရ ကို အပြန် အလှန် မပြော ဆိုရဲ့ ဖေဖေ့ မိတ်ဆွေ အချို့ စီကလည်း နိုင်ငံသား မှတ်ပုံတင် တွေသိမ်းပြီး ဝှိုက်ကဒ် တွေနဲ့ လဲပေး လိုက်တယ်တဲ့။ ဖေဖေ ဆိုလည်း အမျိုးသား မှတ်ပုံတင် သာရှိဒါ ပါကွာ။ ရိုဟင်ဂျာ အများ နည်းတူ နိုင်ငံသား အခွင့်အရေး အကုန်လုံး ရုပ်သိမ်း ခံရ ဒါပါဘဲ။ ဘူးသီးတောင်မြို့ ကနေ ဘယ်မြို့မှ သွားလို့ မရတော့ဘူး။ ဖေဖေ့ အဖိုးတို့ရွာ သွားချင် ယင်တောင် ခရီး သွာလာခွင့် လက်မှတ် (ပုံစံ ၄) ယူရတယ်။ အဲဒါလဲ ရက် အကန့်အသတ် နဲ့၊ အလွန်ဆုံး တပတ် ထက်မပိုရဘူး။ ပြည်တွင်း မှာတော့ ခိုးဝင် ဘန်ဂါလီ၊ ခိုးဝင် ဘန်ဂါလီ ဆိုပြီး ဝါဒ ဖြန့်ဒါ… ဖေဖေတို့ လူမျိုးတွေရဲ့ သန်းခေါင် စာရင်း တွေထဲမှာ လာကြည့် (BD ပြေး) ဘင်္ဂလားဒေ့ရှ် ပြေးဆိုပြီး မှတ်ချက် ရေးထားဒါ တွေဘဲ တွေ့လိမ့်မယ်။ (BD ခိုးဝင်) ဘင်္ဂလားဒေ့ရှ် မှခိုးဝင် ဆိုပြီး တွေ့ရင် ဖေဖေ့ ကိုပြော၊ ဖေဖေ့ ဆမ (ဆေးကုသခွင့် လက်မှတ်) အသိမ်းခံ လိုက်မယ်’

နိုင်ငံရေး စကားတွေ ဘယ်တော့မှ ပြောဆိုလေ့ မရှိဘဲ အမြဲတမ်း စိတ်ဝင် တစားသာ နားထောင် လေ့ရှိ တဲ့ မေမေ ကတောင် သမီးဇော နဲ့ နိုင်ငံရေး စကားတွေ ပြောဆို တတ်နေပြီ။ မေမေ က…

‘ဘန်ဂါလီ တွေက သူတို့ နိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝ ရှိတယ်။ ဆိုက်ကား သမားမှာ လည်း ဆိုက်ကား သမား အခွင့်အရေး၊ ဆိုက်ကား သမား သမဂ္ဂ၊ အလုပ်သမား မှာလည်း အလုပ်သမား အခွင့် အရေး အလုပ်သမား သမဂ္ဂ ရှိတယ်။ ဆိုက်ကား သမားတွေ၊ လယ်သမားတွေ၊ သူတို့ အခွင့်အရေး အချိုး ဖေါက်ခံရ ပြီဆိုရင် အစိုးရ အဖွဲ့တောင် တုန်လှုပ် သွားအောင် လုပ်နိုင် စွမ်းရှိတယ်။ ဘယ် ဘန်ဂါလီမှ ဒီနိုင်ငံမှာ လူ့အခွင့်အရေး အချိုး အဖေါက် ခံဖို့၊ နှိပ်စက် ညှင်းပန်း ခံဖို့၊ သူတို့ အမေ နှမတွေ အစော်ကား ခံဖို့ မလာဘူး။ သူတို့ နိုင်ငံက ငါတို့ နိုင်ငံထက် ချမ်းသာတယ်၊ လုံခြုံမှု ရှိတယ်။ ဘန်ဂလာ တစ်တာကာ မြန်မာငွေ ၂၀ ကျပ် လောက်ရှိတယ်။ ရူးနေတဲ့ ဘန်ဂါလီ တောင် ဒီနိုင်ငံ ကို ကြောက်တယ်။ ကျွန်မ အစိုးရ ကို မျက်နှုခြင်း ဆိုင်မေး လိုက်ချင်တယ်။ ကျွန်မတို့ ရိုဟင်ဂျာ မို့ ရိုဟင်ဂျာ ပြောဒါ အပြစ်လား။ ဒါမှ မဟုတ် ကျွန်မတို့ လူဖြစ် လာခြင်းက အပြစ်လား။ ကျွန်မတို့ရဲ့ နာမည်ကို ကျွန်မတို့ ဘဲပေးမယ်။ ဘယ်သူ ကမှ ပေးပိုင်ခွင့် မရှိဘူး လို့ မျက်နှာခြင်း ဆိုင်ပြောလိုက် ချင်တယ်’

‘သမီးတို့ က အစ္စလာမ် ဘာသာ ကိုးကွယ် နေဒါ အပြစ်ပေါ့ မေမေရယ်။ သမီးတို့ရဲ့ အဓိက အပြစ်က အဲဒါဘဲ။ သူတို့ရဲ့ အယူဝါဒ က သူတို့နဲ့ အယူ မတူရင် ရန်သူ၊ သူတို့နဲ့ အယူအဆ မတူရင် ထွက်သွား၊ ဝေးလေ ကောင်းလေ ဘဲတဲ့။ မတူဒါ တွေကို ဘေးဖယ်ပြီး တူဒါတွေ ကို တိုင်းပြည်နဲ့ လူမျိုး အကျိုး အတွက် လက်တွဲ လုပ်မယ် မရှိဘူး’

ဖေဖေ ကဆက်ပြောတယ်…

‘နောက်ရှိသေးတယ် သမီးရေ၊ သမိုင်းကို လိမ်ဒါ၊ အမှန်ကို အမှားလုပ်ဒါ၊ အဲဒါ အဆိုးဆုံးဘဲ။ အခု ဖေဖေ တို့ နေတဲ့ ဘူးသီးတောင်မြို့က အယင် ဘူးစီးဒေါင်မြို့၊ ဖေဖေ့ အဖေရဲ့ ရွာ မီးချောင်းဈေးရွာ က အယင် မင်းဂီးဇီးရွာ၊ အဲဒါတွေ ကပြဿနာ မရှိဘူး။ ဖေဖေတို့ နိုင်ငံက မြန်မာနိုင်ငံ ဆိုတော မြန်မာ့ အခေါ် အဝေါ် နဲ့ ကိုက်ညီတဲ့ နာမည်တွေနဲ့ မြန်မာမှု ပြုဒါ ဖေဖေတို့ လက်ခံတယ်။ အဲ… မောင်တောမြို့ ကျတော မောက် တက်ဖ်၊ အဲဒီက တဆင့် မောင်န်ဒူး အဲဒီက တဆင့် မောင်တော ဖြစ်လာဒါ။ အဲဒါကို အစိုးရ အလိုကျ ဇာတ်ဆရာ တွေက ဘယ်လိုရေးကြ သလဲ ဆိုတော့ အရင်က မြို့သူကြီး မောင်တော ဆိုတဲ့လူ အုပ်ချုပ်ခဲ့ လို့ မောင်တော ဖြစ်လာတယ် လို့ ရေးကြတယ်။ ဒါက ကလိမ် ကကျစ် ကျဒါ။ ပြဿနာ ရှိသွားပြီ။ အဲဒါရဲ့ နောက်မှာ ကလိမ်စေ့ ငြမ်းးဆင်တော့မဲ့ အကြံဥာဏ် တွေ အများကြီး ရှိတယ်’

‘ဖေဖေ တို့ရဲ့ ဒေသမှာ ဟိုးပဝေသဏီ ကထဲက ဖေဖေတို့ ရိုဟင်ဂျာ လူမျိုး အများစု နဲ့ အခြား တိုင်ရင်းသား တွေဖြစ်တဲ့ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြို၊ ခမီ၊ ဘရူဝါး (မြန်မာကြီး) စသဖြင့် လူမျိုးစုတွေ အတူ အကွ အေးအေး ချမ်းချမ်း နေထိုင် လာခဲ့ကြဒါ ဘာပြဿနာ မှမရှိခဲ့ ကြဘူး။ ပြဿနာ တွေက အခုမှ ဆက်တိုက် ဖြစ်လာဒါ။ အတူ ယှဉ်တွဲ မနေနိုင်ဘူး ဆိုဒါ အခုမှ ဖြစ်လာဒါ။ ဒီလိုတွေ ဖြစ်အောင် စီစဉ် အကွက် ချပေးနေတဲ့ နောက်ကွယ်က လက်မဲကြီးတွေ ရှိတယ် ဆိုဒါ သေချာတယ်’

‘ဖေဖေတို့ လူမျိုးတွေမှာ အစိုးရ ကို လက်နက်ကိုင် ပုန်ကန် ခဲ့ဒါ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘယ် အစိုးရ တက်တက် ကိုယ့်တာဝန် ကိုယ် ကျေကျေ ပြွန်ပြွန် ထမ်းဆောင် ခဲ့ကြဒါ ချည်းဘဲ။ အခုမှသာ ရိုဟင်ဂျာ တွေကို ဝန်ထမ်း အဖြစ် မရွေးချယ် တော့လို့သာ ဖေဖေတို့ တာဝန် မယူနိုင်တော့ဒါ။ တာဝန် မဲ့ဒါ မဟုတ်ဘူး။ ဖေဖေတို့ ဆီမှာ ၁၉၄၀ ပတ်ဝန်းကျင် လောက်က လက်နိုင်ကိုင် အဖွဲ့ တဖွဲ့ ပေါ်ခဲ့ ဘူးတယ်။ အဲဒါ ကလည်း အင်္ဂလိပ် အထွက် ဂျပန် အဝင်၊ ဂျပန် အထွက် တွေမှာ တိုင်းပြည်က မင်းမဲ့ နိုင်ငံလို ဖြစ်နေ တော့ သူခိုးကြီး တော့ ဓါးမြ၊ ဓါးမြ ကြီးတော သူပုန် ဆိုသလို ဓါးမြသာသာ အဖွဲ့ ကြီးပါ။ ဖေဖေတို့ ရိုဟင်ဂျာ လူမျိုး တရပ်လုံး ကလဲ ဒီအဖွဲ့ ကြီးကို မထောက်ခံ ခဲ့ကြ ပါဘူး။ အဲဒီ အဖွဲ့ ကလည်း ၁၉၅၈ မှာ အစိုးရဆီ လက်နက်ချ ပြီး အဲဒီ ကထဲက ဖျက်သိမ်း ဖြစ်လိုက် ပါပြီ။ အဲဒိါကို မရှိတော့တဲ့ အဖွဲ့ ကြီးကို သူတို့ဟာ သူတို့ အသက်သွင်းပြီး ဖေဖေတို့ ပြည်သူတွေကို RSO နဲ့ ဆက်သွယ်တယ်၊ RSO တွေ ဘယ်နေ့ ဘယ်အချိန် ဝင်လာတယ်၊ ဘယ်နေရာမှာ ဗုံးဖေါက်တယ် ဆိုပြီး ကိုယ်တိုင် ဖေါက် ပြီးရင် ပြည်သူ တွေကို ဖမ်းဆီး၊ ထောင်ချ၊ ငွေညှစ်နဲ့ ဖေဖေတို့ လူတွေ တော်တော် များများလည်း သေကြေကြ၊ ထောင်ကျ၊ ဘဝပျက် ပေါင်းများခဲ့ ရပြီ’

‘တကယ်တန်း ဖေဖေတို့ ရဲ့နောက်မှာ အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် အဖွဲ့ မရှိလို့ သူတို့ ဒီလို အနိုင်ကျင့် ချင်တိုင်း ကျင့်လို့ ရနေဒါ။ မင်းတို့ ကြည့်လေ။ အင်အား တောင့်တင်းတဲ့ တပ်မတော် ရှိတဲ့ တိုင်းရင်းသား တွေကို ဆိုယင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ဖေဖေတို့တွေ ရိုးသားလွန်း အားကြီးခဲ့ လို့၊ ယုံကြည်လွန်း အားကြီးခဲ့ လို့ အခုလို သူတို့ လက်ခုပ် ထဲက ရေ ဖြစ်နေဒါ။ ဖြစ်ပြီးခဲ့တဲ့ သမိုင်းတွေ ကနေ ဖေဖေတို့ သင်ခန်းစာတွေ အများကြီး ယူရမယ်။ နောင်ကို ဖေဖေ တို့သမိုင်း မမှားရ လေအောင် အများးကြီး ဂရုစိုက် ရမယ်။ စည်းလုံး ညီညွတ် ရမယ် သမီးရေ’

‘ကဲ… စကားလဲ ကောင်းနေ ကြတယ်။ ဖေဖေလဲ ဆေးခန်း ထိုင်ဖို့ အချိန်တောင် ကျော်နေပြီ။ ဆေးခန်း ဖွင့်လိုက် အုံးမယ်။ မုန်တိုင်း ပြီးရင် လေပြေ လာစမြဲပါလေ။ တချိန်ချိန် တော့ ကံကြမ္မာက ဒို့တွေကို မျက်နှာသာ ပေးလာ မှာပါ။ ဒို့တွေ စည်းလုံး ညီညွတ်ဖို့သာ အရေးကြီး ဒါပါ’

                                                **********

rohingya girl

နိုဝင်ဘာလ ကုန်တော့မယ်။ အခုထိ တက္ကသိုလ် ဝင်ခွင့် လျှောက်ထားဒါ ပြန်စာ မလာ သေးဘူး။ ရန်ကုန် ဖက်မှာတော့ အကြောင်း ကြားစာတွေ ရပြီ ကြားတယ်။ ကျွန်မတို့ လည်း ခေါင်းမာမာ နဲ့ ဆေးတက္ကိသိုလ် တခုဘဲ လျှောက်ထားတယ်။ ဘယ်လို လာမလဲတော့ မသိဘူး။

ဒီဇင်ဘာ လဆန်း ကျတော့ အကြောင်းကြားစာ ရောက်လာပါတယ်။ စစ်တွေ တက္ကသိုလ်မှာ ရှိတဲ့ ဘာသာရပ် များကိုသာ လျှောက်ပါတဲ့။ ဟင်း… ဘယ်လိုများ လုပ်ရပါ့ မလဲ။ ဖေဖေနဲ့ တိုင်ပင် ရအုံးမယ်။

‘ဖေဖေ.. အကြောင်းကြားစာ ရောက်ပြီ။ ဘယ်လို လုပ်ရမလဲ ဖေဖေ’

‘ဘယ်လို လုပ်ရမလဲ သမီးရယ်၊ စစ်တွေ မှာ ရှိတဲ့ မေဂျာဘဲ လျှောက်ကြ ရုံဘဲ ရှိတော့ ဒါပေါ့။ ခေါင်းမာပြီး ကျောင်း ဆက်မတက် ရင်လဲ ကိုယ်ဘဲ ဒီ့ထက် နစ်နာ အုံးမယ်။ အင်း… သမီးကို ဖေဖေ့ထက် ထူးချွန်တဲ့ ဆရာဝန် မကြီး ဖြစ်စေချင် တဲ့ဆန္ဒ လုံးဝ ရေစုန်မျော သွားပြီ ပေါ့ကွာ’

‘အော်.. ဖေဖေရယ်၊ ဆရာဝန် ဖြစ်မှ တိုင်းပြည်နဲ့ လူမျိုး အကျိုး သယ်ပိုး နိုင်ဒါ မဟုတ် ပါဘူး။ ဘယ် ကဏ္ဍ ကမဆို သယ်ပိုး နိုင်ပါတယ် ဖေဖေရယ်။ အခု သမီး ကျောင်းပြီးအောင် ဆက်တက်မယ်၊ ရတဲ့ မေဂျာ မှာ ထူးချွန် အောင်လုပ်မယ်။ ပြီးယင် ဒီမှာဘဲ ဆရာမ ပြန်လုပ်ပြီး သမီးတို့ ဒေသက လူတွေရဲ့ ပညာရေး အတွက် သေသေချာချာ ကြိုးစား အားထုတ် သွားမယ် ဆိုယင် သူတို့လေး တွေရဲ့ ဘဝ ကိုတောင် မြှင့်တင် နိုင်ပါ သေးတယ်။ ဆရာဝန် ဖြစ်ယင် သူတို့တွေ ရဲ့ ကျန်းမာရေး ကိုဘဲ ကောင်းအောင် လုပ်ပေး နိုင်မှာ’

‘အော်… သမီးရယ်၊ ငါ့သမီး တောင် ငယ်ငယ်လေးနဲ့ လူကြီးဖြစ် သွားပါရောလား။ အရွယ်နဲ့ မလိုက် အောင် ရင့်ကျက် သွားပါရောလား။ အင်းလေ.. ဒါတွေက အရှုံးထဲက အမြတ်တွေ ဘဲပေါ့ကွာ။ ငါ့သမီး အတွက် ဖေဖေ အမြဲတန်း ဂုဏ်ယူတယ် သမီး။ ဖေဖေ့ သမီးက ဖေဖေ့ထက် တော်ရမယ်။ တိုင်းပြည်နဲ့ လူမျိုး အကျိုး ဖေဖေ့ထက် သယ်ပိုး နိုင်ရမယ်။ ဖေဖေ သမီးကို ယုံကြည် အားကိုးတယ် သမီး’

‘စိတ်ချပါ ဖေဖေ။ ဖေဖေ့ ဆန္ဒ ပြည့်ဝ စေရ မယ်လို့ သမီး ဂတိ ပေးပါတယ်’

                                                          *********

ဇန္နဝါရီ ပထမပတ် မှာ ကျွန်မ Physics မေဂျာ ရကြောင်း အကြောင်း ကြားစာ ရောက်လာ ပါတယ်။ ကျောင်းတွေ ကတော့ ဖွင့်နေ ပါပြီ။ ကျွန်မလည်း စစ်တွေမှာ ပညာ သင်ခွင့် အတွက် ခရီး သွာလာခွင့် ပါမစ်တွေ ဘာတွေ သွားယူ ရပါတယ်။ ဖေဖေက လိုက်ပို့ချင် ပေမဲ့ ဖေဖေတို့က စစ်တွေ အထိ သွားခွင့် မရှိ ပါဘူး။ ကျွန်မတို့ လူမျိုးတွေ က အမိုး ဖွင့်ထားတဲ့ ထောင်ထဲမှာ နေကြ ရဒါလေ။ စစ်တွေ ခရီး သွားခွင့် ကို ဘူးသီးတောင်နဲ့ မောင်တောက ကျောင်းသားတွေ အားလုံး ဇန္နဝါရီ ၂၁ ရက်နေ့မှ ရကြတယ်။ ကျောင်းသားတွေ အားလုံး အတူတူ စုသွားကြ မှာမို့ ဖေဖေနဲ့ မေမေ့ကို စိတ်မပူဖို့ အားပေးရ ပါတယ်။ မေမေက ကျွန်မကို

‘သမီးရေ.. မေမေက အခု ရေကန်ထဲက ငါးကလေးကို ပင်လယ်ထဲ လွှတ်ပေးလိုက် ရပြီနော်။ သမီး အစစ အရာရာ သွားသတိ၊ လာသတိ၊ စားသတိ နဲ့ ကိုယ့်ကို ကိုယ် ထိန်းသိမ်း စောင့်ရှောက် နော်သမီး။ မိန်းခလေး ဆိုဒါ အစစ အရာရာ ထိန်းသိမ်းနိုင်မှ တော်ကာကျ ဒါကွဲ့။ ဒါပေမဲ့.. မေမေ့ သမီးက လိမ္မာပြီး သားပါ။ ကိုယ့်ကို ကိုယ် ထိန်းသိမ်း နိုင်မယ် ဆိုဒါ မေမေ ယုံကြည် ပြီးသား ပါကွယ်’

‘စိတ်ချပါ မေမေ၊ မေမေတို့ ဖေဖေတို့ အရှက်ရ စေမဲ့ အပြုအမူ မျိုး သမီး ဘယ်တော့မှ မလုပ်ဘူး ဆိုဒါ ဂတိ ပေးပါတယ် မေမေ’

စစ်တွေ မသွားခင်ည က ရှေ့ခရီး အတွက် စိတ်လှုပ်ရှား နေဒါရော၊ မိသားစုနဲ့ တခါမှ မခွဲဘူးတော့ စိတ် မကောင်းဒါရော ကြောင့် တော်ရုံနဲ့ အိပ်မပျော် ခဲ့ပါဘူး။

                                                *********

ဇန္နဝါရီ ၂၁ ရက်နေ့ နံနက် စောစော ဖေဖေ မေမေနဲ့ မိတ်ဆွေ အချို့ ကျွန်မကို သင်္ဘောဆိပ် လိုက်ပို့ ကြတယ်။ သင်္ဘောဆိပ် မှာတော့ လူတွေ စည်ကားလို့ပေါ့။ စစ်တွေ သွားမဲ့ ကျောင်းသား တွေကော မိဘ ဆွေမျိုး တွေကော၊ မောင်တောက ကျောင်းသွား တက်မဲ့ ကျောင်းသား တွေရယ်၊ မိဘ ဆွေမျိုး တချို့ ကို လည်းတွေ့ရတယ်။ ဖေဖေ့ကို မိတ်ဆွေ တဦး လာရောက် နှုတ်ဆက်တယ်။

‘ဟာ… ဒေါက်တာ လွန်းအောင်၊ မတွေ့ရဒါ အတော်တောင် ကြာပြီနော်၊ ဒါ သမီးလား၊ သမီး အကြောင်း ကြားတယ် ဒေါက်တာရေ၊ ကျွန်တော်တို့ အရမ်းကို ဂုဏ်ယူ နေကြဒါ’

‘ဟာ… အကို၊ ဟုတ်တယ် အကိုရေ၊ မတွေ့ဒါ တော်တော် တောင်ကြာနေပြီ၊ မတွေ့ဆို ကျွန်တော်တို့ရဲ့ ခရီး          သွားလာခွင့် ကလဲ သိတဲ့ အတိုင်းလေ၊ ဒီရွာနဲ့ ဒီရွာ သွားဖို့တောင် တော်တော် ခက်ဒါ၊ တမြို့နဲ့ တမြို့ ဆိုတော့ စဉ်းတောင် မစဉ်းစား ရဲ့တော့ပါဘူးဗျာ။ အခုတောင် သမီးကို စစ်တွေ အထိ လိုက်ပို့ ချင်ဒါ၊ စစ်တွေ ဆိုတဲ့ နယ်ကိုတော့ ကျော်လို့တောင် မရ တော့ဘူးလေ’

‘ဟုတ်တယ်ဗျာ၊ ကျွန်တော်လဲ သားကို လာပို့ဒါ၊ စစ်တွေထိ လိုက်ပို့ချင်ဒါ၊ မရ ပါဘူးဗျာ။ ဒါကြောင့် ဘူးသီးတောင် ထိဘဲိပို့ရဒါ။ သားကိုလဲ ပို့ရင်း ဈေးလဲ ဝယ်ရင်းပေါ့။ ဒါသားလေဗျာ။ အခု ဒုတိယ နှစ် ရောက်နေပြီ၊ Physics တက်နေဒါ၊ သမီးလဲ Physics ဘဲ ရတယ် ကြားတယ်။ နှမျောစရာကြီးဗျာ၊ အင်းလေ.. ဖြစ်သမျှ အကြောင်း အကောင်းကြီး ဘဲပေါ့ဗျာ၊ ရတဲ့ အခြေအနေ တခုကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရ တော့မှာဘဲ။ သားလဲ ၁၀ တန်းတုန်းက ဂုဏ်ထူး ၂ ခု ထွက်တယ်။ သူ့ အမှတ်နဲ့ Institute တခုခု ဝင်တယ်။ ဒါပေမဲ့ သွားလို့ မရဘူး။ မတတ်နိုင် ဘူးဗျာ။ အခုလို ကျောင်းဆက် တက်ခွင့် ရဒါကို ဘဲ ကြံဖန် ကျေးဇူး တင်ရမလို ဖြစ်နေပြီ။ မိတ်ဆက် ပေးရ အုံးမယ်။ သား နာမယ် က မိုးဇော် တဲ့၊ သမီးကလဲ Physics ဘဲ ဆိုတော့ လိုအပ်ဒါ ရှိယင် အကူအညီ တောင်းလို့ ရတယ်နော်။ သားကလဲ သမီး လိုအပ်ဒါ ရှိယင် အကူအညီ ပေးလိုက် နော်သား’

‘ဟုတ်ကဲ့ပါ ခင်ဗျား’

‘အော်… သားက လူချောဘဲ၊ အဖေ အတွက်တောင် အရပ်ရှည် နေပြီ၊ အပြင်မှာ တယောက်ထဲ တွေ့ရင် မှတ်မိမှာ တောင်မဟုတ်ဘူး။ သမီးရေ၊ ဒါ ဖေဖေတို့ အကိုလို လေးစားရတဲ့ မောင်းတောမြို့နယ် မြို့သူကြီးရွာ က အထက်တန်း ပြ ဆရာ ဦးအောင်ဇော်တဲ့။ မောင်တော အထက်တန်းကျောင်း မှာ တာဝန် ကျတယ်။ အခုတော  Retire ယူလိုက်ပြီ။ ဟိုးအယင် သွားလို့ လာလို့ ကောင်းတုန်း ကတော အဖေ မောင်တော သွားတိုင်း အမြဲတွေ့နေ ကျပေါ့။ အခုတော မတွေ့ဒါတောင် တော်တော် ကြာနေပြီ။ သားကလဲ Physics ဘဲ ဆိုတော အတော်ဘဲကွာ။ သမီးကို မသိဒါ လေးတွေ ကူညီ ပေးလိုက် ပါကွာ။ အန်ကယ်က သမီးကို လွှတ်သာ လွှတ်လိုက် ရဒါ၊ စိတ်ပူ နေဒါကွ။ သမီးကလဲ တခါမှ ခရီး မသွားဖူး သေး ဘူးလေ’

‘စိတ်ချပါ အန်ကယ်၊ ကျွန်တော် အစစ အရာရာ ကူညီ ပေးလိုက် ပါမယ်’

‘ကဲ.. သမီးရေ၊ သင်္ဘော ထွက်ဖို့လဲ အချိန် နီးနေပြီ။ သင်္ဘောပေါ် တက်ရင် ကောင်းမယ် ထင်တယ်’

‘ဟုတ်ကဲ့ ဖေဖေ၊ ဖေဖေနဲ့ မေမေ လဲ ကျန်းမာရေး ကို ဂရုစိုက်နော်။ သမီးကို အစစ အရာရာ စိတ်ချ ပါနော်’

ဖေဖေ့ကို ကြည့်လိုက် တော့လည်း မျက်နှာ မကောင်း၊ မေမေ ကလည်း မျက်ရည်တွေနဲ့၊ ကျွန်မ စိတ်ထဲ မကောင်း လိုက်ဒါ။ သင်္ဘောပေါ် သာတက်လိုက် ရတယ်၊ ရင်ဘတ် ထဲက အစိတ် အပိုင်းတွေ အားလုံး ကုန်းပေါ်မျာ ကျန်ခဲ့ သလို ပါဘဲ။ ပစ္စည်းတွေ နေရာချပြီး မကြာခင် သင်္ဘော ထွက်ပါ တော့တယ်။

မနက်က စိတ်လှုပ် ရှားနေဒါ ကြောင့် မနက်စာ ကောင်းကောင်း မစားခဲ့ဒါ ကြောင့်ရော၊ စိတ်မကောင်း ဒါတွေကြောင့် ရော၊ လူက ရင်ထဲမှာ လျှပ်လျှပ်၊ လျှပ်လျှပ် နဲ့ မူးသလိုလို အန်ချင် သလိုလို လုံးဝ နေလို့ မကောင်းဘူး။ ကိုမိုးဇော် ကိုတော့ ကျွန်မ Seat ပတ်ဝန်းကျင်မှာ တွေ့၊ တွေ့နေရ တတ်တယ်။ ခနနေတော့ ကျွန်မ မခံနိုင် တော့ဘဲ Toilet ထဲသွားပြီး ထိုးအန်ချ ပစ်လိုက်တယ်။ အဲဒီတော့မှ ရင်ထဲမှာ နဲနဲ နေလို့ ကောင်းသွားပေမဲ့ လူက အရမ်း နှုံးနေတယ်။ ကျွန်မ Toilatet ကနေ Seat ကို ပြန်အသွား ကိုမိုးဇော် ရောက်လာပြီး…

‘ညီမ.. နေလို့ မကောင်းဘူးလား။ ဘယ်လို ခံစားနေ ရလို့လဲ’

‘ဟုတ်တယ် အကို… လူက မူးနေပြီး အန်ချင် သလိုလို ဖြစ်နေလို့ သွားအန် ပလိုက်ဒါ၊ အခုတော့ နဲနဲ သက်သာ သွားပါပြီ’

‘အဲဒါဆို ခုံမှာ အနား ယူလိုက်အုံး ညီမ၊ အကို့မှာ အချိုရည် ဘူးတွေ ပါတယ်။ ယူလာခဲ့မယ်။ အဲဒါဘဲ သောက်လိုက်။ လောလောဆယ် ဘာမှ မစားနဲ့အုံး။ အော်… ညီမမှာ အမူးပြေဆေး ပါလား၊ အကို့မှာ အဲဒါ တော့ မပါဘူး’

‘အင်း… ဆေးတွေက သေတ္တာ ထဲမှာ၊ အခု ထုတ်ရ ခက်မယ် ထင်တယ်။ အရေးပေါ် သောက်ရမဲ့ ဆေးတွေလဲ ဖေဖေ ထည့်ပေး လိုက်တယ်။ လူလဲ စိတ်ရှုပ်နေဒါနဲ့ ဘယ်နား ထားမိမှန်းတောင် မသိတော့ ပါဘူး အကိုရယ်’

‘ကိစ္စ မရှိဘူး၊ အခု ခုံပေါ်မှာ အနား ယူလိုက်။ အကို အချိုရည် သွားယူလိုက်မယ်။ သင်္ဘော ပေါ်မှာ အကို့ အမ ဝမ်းကွဲနဲ့ မိတ်ဆွေတွေ ပါတယ်။ သူတို့စီမှာ ဆေးပါမယ် ထင်တယ်၊ အကို အခု ပြန်လာခဲ့မယ်’

‘ဟုတ်ကဲ့… ကျေးဇူး တင်ပါတယ် အကို’

ခဏ နေတော့ ကိုမိုးဇော် ပြန်ရောက် လာပြီး…

‘ရော့ ညီမ၊ ဒီဆေးလေး တလုံး သောက်လိုက်၊ ကျန်ဒါ သေချာ သိမ်းထား၊ ရော… အချိုရည် လည်း သောက်လိုက်အုံး၊ လန်းသွားအောင်။ ညီမက ဒါပထမဆုံး ခရီးသွား ဘူးဒါ ထင်တယ်။ အဲဒါကြောင့်ပါ။ ခရီး သွားရင် ဒါမျိုးက ဖြစ်တတ် ပါတယ်။ ဘာမှ အားငယ်စရာ မလိုဘူး။ သင်္ဘောပေါ် မှာ အကိုကော ကျောင်းသား ကျောင်းသူ တွေကော အများကြီး ရှိဒါဘဲ’

‘အားမငယ် ပါဘူး အကိုရယ်၊ တခါမှ မိသားစုနဲ့ မခွဲဘူးလို့ စိတ်မကောင်းဘဲ ဖြစ်ဒါပါ’

‘ညီမ တမျိုးတော့ မထင်နဲ့နော်၊ အကိုက စစ်တွေမှာ တနှစ် နေဘူးတော့ ညီမ မသိဒါ ရှိရင် ညွှန်ပြ ပေးနိုင် အောင် မေးဒါပါ။ ညီမ စစ်တွေ ရောက်ရင် နေဖို့ ထိုင်ဖို့ ဘယ်လို စီစဉ် ထားလဲ’

‘စစ်တွေမှာ မေမေ့ အကို ဝမ်းကွဲ မိသားစု ရှိတယ်။ ဒီနေ့ ဦးလေး လာကြို လိမ့်မယ်။ အဲဒီမှာ ခဏ နေပြီး အဆောင် ရှာမယ်လို့ စဉ်းစားထားတယ်။ ဦးလေးကတော့ သူ့အိမ်မှာ နေဖို့ ပြောပါတယ်။ ဦးလေးက မိသားစု များဒါရော၊ ဦးလေးအိမ်က ကျောင်းနဲ့ ဝေးဒါရော ကြောင့် အဆောင်မှာ နေယင် ကောင်းမယ်လို့ ထင်ဒါဘဲ။ ဦးလေးကိုလဲ ကိုယ့်ကြောင့် တာဝန် မကြီး စေချင်ဘူးလေ။ ဖေဖေတို့ ကတော့ သင့်တော် သလို စီစဉ်လို့ ပြောထား ဒါဘဲ။ ဟိုရောက်ရင် ဖေဖေ့ မိတ်ဆွေ အချို့လဲ လာတွေ့ ကြမယ် ပြောတယ်’

‘အင်း.. ကောင်းပါတယ်၊ အဆောင် ဆိုရင်တော့ အကိုလဲ ညွှန်ပြ ပေးနိုင်မယ် ထင်တယ်။ အကို ကတော့ မနက်ဖြန် ကျောင်းသွား အပ်မယ်။ ညီမကတော့ တော်တော် ပင်ပန်း နေပြီ ထင်တယ်။ မနက်ဖြန် တရက် အနား ယူလိုက်အုံး။ သဘက်ခါမှ ကျောင်းလာအပ် ရင်ကောင်းမယ် ထင်တယ်။ ကျောင်းတွေက ဖွင့်နေ ပြီနော်။ နောက်တော့ မကျ စေနဲ့’

‘အင်း.. အဲဒီလို လုပ်ရင် ကောင်းမယ် ထင်တယ်’

‘အဲဒါဆိုရင် သဘက်ခါ အကို Physics Department အရှေ့မှာ မနက် ၁၀ နာရီ စောင့်နေ မယ်လေ။ ညီမက ပထမဆုံး အခေါက်ဆိုတော့ ဘာမှ သိအုံးမှာ မဟုတ်ဘူး’

‘ကျေးဇူးပါဘဲ အကိုရယ်၊ အကိုနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရဒါ ကျွန်မ အတွက် အစစ အရာရာ အဆင်ပြေ နေတော့ ဒါဘာဘဲ’

‘ရပါတယ်၊ ညီမတို့လို Fresher တွေကို ကူညီဖို့ အကိုတို့ Senior တွေမှာ တာဝန် ရှိပါတယ်။ အကိုလဲ ၁ နာရီလောက် သင်္ဘောပေါ်က ဆိုင်မှာ ထမင်းသွား စားမယ်။ ညီမကော လိုက်အုံး မလား။ ညီမလဲ ခဏနေ ရင် အစာနဲနဲ စားလိုက်ရင် ကောင်းမယ် ထင်တယ်နော်။ အစာ မရှိရင် ပိုမူးနေအုံးမယ်’

‘ကျွန်မမှာ ထမင်းချိုင့် ပါ ပါတယ်။ မေမေ ထည့်ပေး လိုက်ဒါ၊ အများကြီးဘဲ အကို။ ကျွန်မ တယောက်ထဲ မကုန်ဘူး။ အကို အရင် စားလိုက်လေ။ ပြီးမှ ကျွန်မ စားမယ်’

‘ရပါတယ် ညီမရဲ့၊ အားနာ စရာကြီး’

‘ရပါတယ် အကိုရဲ့၊ ထမင်းချိုင့် မပါတဲ့ လူတွေကို ကူညီဖို့လဲ ညီမတို့မှာ တာဝန် ရှိပါတယ်’

‘ဒါဆိုရင်လဲ ပြီးရော၊ ညီမ ဒါနလေး မြောက်သွားအောင် ကူညီ လိုက်အုံးမယ်’

‘ဟင်းဟင်း… ရော့ အကို၊ ထမင်းချိုင့် အထုတ်၊ အထဲမှာ ပုဂံတွေကော၊ ဇွန်းတွေကော ပါတယ် ပြောတယ်။ ညီမ အတွက် နဲနဲဘဲ ချန်ထားနော်။ ညီမ အစာ မခံအောင်သာ နဲနဲ စားရမှာ။ စားချင်စိတ် မရှိဘူး’

‘ဟုတ်ပြီ.. ဗိုက်ဆာ နေဒါနဲ့ အတော်ဘဲ။ အကို့ Seat မှာဘဲ လွတ်လွတ်လပ်လပ် သွားစားလိုက် မယ်နော်။ ပြီးမှ ပြန်လာ ခဲ့မယ်။ အကုန် မစားဘူးနော် စိတ်ချ’

‘ရပါတယ်…’

ကိုမိုးဇော် ထမင်းချိုင့် အထုတ် ယူပြီး သူ့ Seat ကို သူ ပြန်သွား ပါတော့တယ်။

*********

ကျွန်တော် Seat ကို ပြန်အရောက် စစ်တွေကို ကျောင်းလာ တက်တဲ့ အမနဲ့ သူ့အဖေါ် သူငယ်ချင်း နှစ်ယောက် ရောက်လာပြီး

‘ကောင်းလေးနော် ကောင်လေး၊ မျက်စိကို နောက်နေဒါဘဲ။ ငါများ နေမကောင်း ဖြစ်လို့ ကတော့ နင် သိလိုက်မှာ တောင် မဟုတ်ဘူး’

‘ဟာ.. မဟုတ်ပါဘူး အမရာ၊ အမမှာက သူငယ်ချင်းတွေ ပါတယ်လေ။ သူက တယောက်ထဲ ဖြစ်နေ လို့ပါ။ နောက်.. သူ့ အဖေကလဲ အစစ အရာရာ ကူညီဖို့ ပြောလိုက်လို့ပါ’

‘အဲဒီတော့ နင်က ဖိုးကျိုင်းတုတ်ပေါ့။ ငါက အလကား စဒါပါ။ ဟဲ့.. ကောင်မလေးက ချစ်စရာ လေးနော်။ ငါတို့ကိုလဲ မိတ်ဆက် ပေးအုံးလေ။ အောင်မယ်.. ထမင်းချိုင့် တွေဘာတွေနဲ့၊ ကြီးပွါး နေတယ်ပေါ့။ အမလေး.. ငါတို့များ ကျတော့ ဘယ်သူမှ ကျွေးမဲ့ မွေးမဲ့သူ မရှိပါလားနော်’

‘အမကတော လုပ်ပြီ။ ကိုယ့်ဘာသာ ကိုယ် သွားမိတ်ဆက် ပါလား။ အမတို့က လူကြီတွေ ဖြစ်ပြီး Fresher ကောင်မလေး တယောက် နေမကောင်း ဖြစ်နေဒါ မေးဖေါ်တောင် မရဘူး’

‘ငါတို့က နင့်ကို ချောင်းနေလို့ပါ။ ဟဲ့.. ဟုတ်ပါဘူး။ နင်ကူညီ ပေးနေလို့ မသွားသေး ဒါပါ။ အေး.. အခုဘဲ သွားလိုက် အုံးမယ်’

‘သွား သွား.. မဟုတ် တရုတ်တွေ တော့ လျှောက်မပြေ နဲ့နော်’

ခဏ နေတော့ အမတို့ အုပ်စုနဲ့ သူနဲ့ စကားလက်ဆုံ ကျနေဒါ တွေ့တယ်။ ကျွန်တော်လည်း ထမင်းစားပြီး ခဏ အကြာ ထမင်းချိုင့် ပြန်သွား ပို့လိုက်တယ်။

‘အော်… အမတို့က ဒီရောက် နေဒါကိုး။ ညီမရေ… စားကောင်းကောင်းနဲ့ ညီမ အတွက် မကျန်မှာ စိုးလို့ မနည်း ဘရိတ် အုတ်လိုက်ရတယ်။ စားလို့ ကောင်းမှ ကောင်း’

‘ရပါတယ်… ကျွန်မက အစား နည်းပါတယ်’

‘အင်း … ညီမလဲ ထမင်း စားလိုက်အုံး၊ တော်ကြာ အစာခံ သွားအုံးမယ်။ စားပြီးရင်လဲ အချိုရည် သောက် လိုက်၊ အစာကြေ သွားအောင်လို့’

‘ဟုတ်ကဲ့’

‘အဟမ်း… အဟမ်း’

အမရဲ့ ချောင်းဟန့်သံ တိုးတိုး ကြားလိုက် ရတယ်။ သူမ မျက်နှာမှာလဲ ရှက်ရိပ်ကလေး ပြေးသွားဒါ တွေ့လိုက် ရတယ်။

‘အမ.. ကျွန်တော် ပြန်လိုက် အုံးမယ်နော်’

‘အေး.. အေး၊ ခနနေ ပြန်လာ ခဲ့အုံး’

ကျွန်တော် သုတ်ခြေတင် ပြေးလာရ ပါတော့တယ်။ အမနဲ့ တော့ မလွယ်ဘူး။

‘ညီမရေ… အမမောင်က အရမ်း သဘော ကောင်းဒါ။ လူ တဖက်သား ကိုလဲ အရမ်း ကူညီ တတ်ဒါ။ အမတို့ စစ်တွေမှာ ဘာဘဲ လိုလို သူ့ဘဲ အားကိုး နေရဒါလေ’

‘ဟုတ်ကဲ့ အမ.. ကျွန်မကိုလဲ သင်္ဘောပေါ် ရောက်ကထဲက ကူညီ နေတော့ ဒါပါဘဲ’

‘အေး.. သူက အဲလို ဖင်ပေါ့ လူတွေကိုလဲ ကူညီတတ်၊ အရည်အချင်း လဲရှိ၊ စကားပြောလဲ ယဉ်ကျေး၊ ဆရာ ဆရာမ တွေနဲ့လဲ အဖွဲ့ကျ ရင်းနှီးတော့ အမတို့ ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူ တွေက ဘယ်ကိစ္စ မဆို သူ့ကိုဘဲ ဆရာ တင်နေရ ဒါလေ။ သူက စာကလဲတော်၊ ရုပ်ကလေး ကလဲ ဖြောင့်တော့ တချို့ ရခိုင် ကျောင်းသားတွေက သူ့ကို ကြည့် မရကြဘူး။ တခါတလေ ပြဿနာ ရှာတတ် ကြတယ်။ သူက အလိမ္မာ နည်းနဲ့ ရှေင်တတ်လို့သာ အခုထိ ပြဿနာ မဖြစ်သေးဒါ’

‘အင်း… ကျွန်မတို့လဲ စစ်တွေမှာ တော်တော် သတိထား နေရမယ်နော်’

‘ဟုတ်တယ်… စစ်တွေမြို့က အမတို့ ရိုဟင်ဂျာတွေ တော်တော် သတိထား နေရတဲ့ နေရာဘဲ။ ဘူးသီးတောင်တို့ မောင်တောတို့ ကျတော့ အမတို့ လူမျိုးတွေ များတော့ နဲနဲ တော်သေးတယ်။ အဲဒါလဲ တကယ်တော့ မလွယ်ပါ ဘူးကွယ်။ ဌာနဆိုင်ရာ ပေါင်းစုံက နည်းမျိုးစုံနဲ့ ငွေညှစ်မှုတွေ၊ ရခိုင်တွေရဲ့ ရန်စ မှု တွေကို နေ့တိုင်း ကြုံတွေ့ နေရဒါ ပါဘဲကွယ်’

‘ဟုတ်ပြီ… စကားကောင်း နေလိုက်ဒါ ညီမလဲ နားလိုက်တော့၊ အမတို့လဲ ထမင်း သွားစားလိုက် အုံးမယ်။ အကူအညီ လိုယင် ပြေနော် ညီမ။ ဘာမှ အားမနာနဲ့၊ အခုအချိန် ကစပြီး အမတို့ ကျောင်းသား ကျောင်းသူ တွေက မိသားစု လို တယောက်နဲ့ တယောက် ယိုင်းပင်းပြီး နေရတော့မှာ’

‘ဟုတ်ကဲ့ အမ… ကျွန်မကို လဲ ကိုယ့်ညီမ လိုဘဲ နားမလည်ဒါ ရှိရင် သင်ပြပေးပါ၊ ခိုင်းစရာ ရှိရင် ခိုင်းပါ အမ’

‘အေးအေး.. ညီမ တယောက် ကောက်ရဒါ ပေါ့ကွယ်။ နားတော့ နားတော့.. ညီမ’

‘ဟုတ်ကဲ့’

                                                ********

ကျောင်းအပ်ဖို့ သွားတော့ ကိုမိုးဇော်ကို Department ရှေ့မှာ စောင့်နေဒါ တွေ့တယ်။ ကိုမိုးဇော်က ကျောင်းအပ်ဖို့ အစစ အရာရာ ကူညီ ပေးတယ်။

‘ညီမ… ဦးလေး အိမ်မှာ နေရဒါ အဆင်ပြေ ရဲ့လား’

‘ပြေပါတယ် အကို၊ ဒါပေမဲ့ ကျောင်းနဲက တော်တော် ဝေးတယ်။ အဆောင် နေမှ အဆင်ပြေမယ် အကို၊ နို့မို့ဆို တနေ့ တနေ့ အသွား အပြန် လမ်းမှာဘဲ ၄ နာရီကျော် အချိန် ကုန်မယ်’

‘အစိုးရ အဆောင်ကိုတော့ အကိုတို့ လူမျိုးတွေ နေဖို့ အဆင်မပြေဘူး။ အဲဒီမှာ အကိုတို့ အတွက် မလုံခြုံ ဘူး။ ဒါပေမဲ့ အပြင် မူဆလင်ဆောင် တွေရှိပါတယ်။ အကို့ အခန်းဖေါ် ကျောက်ဖြူက သူငယ်ချင်း တယောက်ရဲ့ အမနေတဲ့ အမျိုးသမီး အဆောင် တခုရှိတယ်။ သူငယ်ချင်း နဲ့ အတူ ရောက်ဖူးတယ်။ အဆောင်လေး က သန့်သန့် ပြန့်ပြန့်လေး၊ နေရာလဲ ကောင်းတယ်။ ချက်စားချင်လဲ ရတယ်။ အဲဒီမှာဘဲ လပေး စားလို့လဲ ရတယ်။ အဲဒီ အဆောင်က တခြား အဆောင်တွေ ထက် ဈေးတော့ နဲနဲ ကြီးတယ်။ ဒါပေမဲ့ Facility ကောင်းတယ်’

‘ဟုတ်ကဲ့ အကို… ကျွန်မ သူငယ်ချင်းတွေနဲ့ တိုင်ပင် လိုက်အုံးမယ်နော်။ သူတို့လဲ အဆောင်ရှာ နေကြတယ်’

နောက်ဆုံးတော့ အကို ညွှန်ပြပေးတဲ့ အဆောင်မှာဘဲ နေဖြစ် ပါတယ်။ အဲဒီ အဆောင်က အဆင်အပြေ ဆုံး မို့လို့ပေါ့။

                                                ********

စစ်တွေမှာ ကျောင်းတက်ရဒါ ကျွန်မတို့ အမျိုးသမီးတွေ အတွက် အခက်အခဲ အများကြီး မရှိပေမဲ့ အမျိုး သားတွေ ကတော တော်တော် သတိထား လိမ္မာ ပါးနပ်စွာ နေထိုင်ရတယ်။ အဲဒီ အထဲမှာ အကိုလည်း ပါဒါပေါ့။ အကိုက စာလည်းတော်တယ်၊ ရုပ်ရည်လည်း သန့်ပြန့်တယ်၊ ပေါင်းသင်း ဆက်ဆံရေး လည်းကောင်းတော့ ဆရာ ဆရာမ တွေက ချစ်ကြတယ်။ နောက်ပြီး အကိုတို့ အိမ်က စီးပွါးရေး ကောင်းကြတယ်။ အကို့ရဲ့ အကို အကြီးဆုံးက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ရန်ကုန် စက်မှုတက္ကသိုလ် မှာ ကျောင်းသွား တက်ပြီး ကျောင်းပြီးတော့ ရန်ကုန်မှာဘဲ အလုပ် လုပ်၊ ရန်ကုန်က ရိုဟင်ဂျာ စီးပွားရေး လုပ်ငန်းရှင် တယောက်ရဲ့ သမီးနဲ့ အိမ်ထောင်ကျပြီး အခု ရန်ကုန်မှာဘဲ စီးပွားရေး လုပ်နေဒါ တော်တော် အောင်မြင်တယ် ပြောတယ်။ အဲဒီတော့ အကိုက ဝတ်နိုင် စားနိုင်တော့ တချို့ ရခိုင် ကျောင်းသားတွေနဲ့ ပတ်ဝန်ကျင် က ရခိုင် တချို့က မျက်စိ စပါးမွှေး ဆူးကြတယ်။ မသိမသာ တမျိုး၊ သိသိ သာသာ တမျိုး ရန်စဒါ မကြာခဏ ကြုံရလေ့ ရှိတယ်။ အခုထိတော့ ကြီးကြီး ကျယ်ကျယ် ပြဿနာမျိုး မတက်သေးပါဘူး။ ဒါပေမဲ့ တော်တော်ကြီး သတိထား နေရတယ် ပြောတယ်။

အကို့ရဲ့ အကို အကြီးဆုံးက ရန်ကုန် ကနေ စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည် နဲ့ ဖိနပ် မျိုးစုံ ကို စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောကို ဖြန့်တယ်။ ဘန်ဂလားဒေ့ရှ် ကိုလည်း နယ်စပ် ကုန်သွယ်ရေး ကတဆင့် ဖြန့်တယ်။ မောင်တောမှာလည်း ပွဲရုံဖွင့် ထားပြီး အကို့ အဖေနဲ့ မိသားစု စုပေါင်း လုပ်ကိုင်ကြ တယ် ပြောတယ်။ အကို ကလည်း စစ်တွေက ကိစ္စတွေ တာဝန်ယူ ဆောင်ရွက် ရတယ်။ အကိုတို့ အိမ်ရဲ့ စီးပွားရေးက တော်တော် အောင်မြင်တယ်။

အဆောင်ကို အကို့ သူငယ်ချင်း ကိုတင်ဝင်းလှိုင်နဲ့ မကြာခဏ လာလည်တတ်တယ်။ တရက်ခြား ဆိုသလို ပါဘဲ။ ကိုတင်ဝင်းလှိုင်ရဲ့ အမ မယဉ်မင်းလှိုင်နဲ့ လည်း ကျွန်မ တော်တော် ရင်းနှီးနေပြီလေ။ ဆောင်ကို လာလည်ရင်း တရက် အကို ပြောဘူးတယ်။

‘အကို့ကို အကို့ရဲ့ အကိုက စစ်တွေမှာ ကျောင်းမတက်ဘဲ ရန်ကုန်ကို ခေါ်ချင်နေဒါလေ။ သူ့လုပ်ငန်းမှာ လူရင်း လိုအပ်နေတယ်တဲ့။ သူ့နည်း သူ့ဟန်နဲ့ သူရအောင် ခေါ်မယ်ပေါ့။ အကိုကလဲ သွားချင်နေဒါ။ ဒါပေမဲ့ အဖေက သွားချင်ရင် စစ်တွေမှာ ကျောင်းပြီးမှ သွားရမယ် တဲ့လေ။ အဖေက သူ့ သား သမီး အားလုံးကို ပညာတတ် ဖြစ်စေချင်တယ်။ အကိုက အဖေ့ရဲ့ ဆန္ဒကြောင့်သာ စစ်တွေမှာ ကျောင်းတက် ရဒါ။ ရန်ကုန် သွားချင်စိတ်က ပိုများနေဒါ။ အခုတော့ အကို စစ်တွေမှာ ကျောင်းတက်လိုက်ဒါ မှန်သွား တယ်လို့ ခံစားရတယ်’

ဒီလိုနဲဘဲ ၂၀၀၉ – ၂၀၁၀ ပညာသင်နှစ်က သိပ်ပြောပြ လောက်တဲ့ အခက်အခဲ ကြီးကြီး မားမား မတွေ့ လိုက်ရဘဲ ပြီးဆုံး သွားတယ်။ ကျွန်မတို့ အောက်တိုဘာ လကုန်လောက် စာမေးပွဲပြီး ပြီး နိုဝင်ဘာလဆန်း လောက် ပြန်ဖို့ စီစဉ် ထားကြတယ်။ ကျောင်းသား ကျောင်းသူ တော်တော် များများလည်း အတူတူပြန်ဖို့ စီစဉ် ထားကြ တယ်လေ။ ကျွန်မတို့ ဘူးသီးတောင်က ကျောင်းသားတွေ ကတော့ ဘူးသီးတောင်မှာ ဆင်းနေရစ် ခဲ့ပြီး အကိုတို့ မောင်တောက ကျောင်းသား ကျောင်းသူတွေ ကတော ဘူးသီးတောင် ကတဆင့် မောင်တောကို ကားနဲ့ ခရီး ဆက်ကြမှာပေါ့။

‘ညီမ… ကျောင်းပိတ်ရက်မှာ အကို ညီမဆီကို ဖုံးဆက်ချင်တယ် ရမလား။ ညီမ အိမ်က ကြိုက်ပါ့မလား’

‘အင်း… ရပါတယ်၊ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ ဖုံးပြောဒါ ညီမအိမ်က နားလည်မှု ပေးပါတယ်။ နောက်… အကိုနဲ့ ခင်မင်နေဒါလဲ မေမေတို့ သိကြတယ်လေ။ အကို့ မေမေတောင် ညီမ မေမေဆီ တခါ တလေ ဖုံးဆက်တယ် ပြောတယ်။ ဒါပေမဲ့ အကို ဖုံးဆက်ချင်ရင် ည ၈ နာရီ နောက်ပိုင်းမှ ဆက်ပါလား အကို။ ဖေဖေက ည ၈ နာရီလောက် အီရှာဖတ်ဖို့ (ညပိုင်း ဝတ်ပြုဖို့) ဗလီ သွားတတ်ပြီး မိတ်ဆွေတွေနဲ့ စကားပြော လက်ဖက်ရည် သောက်ပြီး ၁၀ နာရီ ဝန်းကျင်လောက်မှ ပြန်လာ တတ်ဒါ။ ဖေဖေ့ ရှေ့မှာ မိတ်ဆွေ ယောက်ကျားလေး တွေနဲ့ သိပ်စကား မပြောရဲဘူး’

‘အိုကေ… အဲဒါဆို အကို့ အတွက်လဲ အဆင်ပြေ သွားဒါပေါ့။ အကိုလဲ အန်ကယ့် အရှေ့မှာ ဖုံးပြောရမှာ အားနာတယ်’

ဒီလိုနဲ့ ကျွန်မလည်း ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ပြီး မေမေ့ကို ကူညီ၊ တခါတလေ ဖေဖေ့ ဆေးခန်းမှာ လိုအပ်ဒါလေးတွေ ကူညီ၊ မောင် နှမတွေနဲ့ ပတ်ဝန်းကျင်က ခလေးတွေကို စာသင်ရင်းနဲ့ဘဲ ကျောင်းပိတ် ရက်ကို အေးအေး ဆေးဆေး ဖြတ်သန်း ခဲ့တယ်။ အကို ကလည်း တရက်ခြား အမြဲ ဖုံးဆက်တယ်။ စစ်တွေနဲ့ ကျောင်းကြီးကိုတော့ သတိရသား။ အဓိက အကို့ ကိုပေါ့။ တရက် အကိုက ဖုံးထဲမှာ…

‘ညီမ… အကို့ရဲ့ အကို ဝမ်းကွဲ တယောက် ဗိုက်နာနာ နေလို့၊ သူက အစာအိမ် တခုခု ဖြစ်နေတယ် ထင်တယ်တဲ့။ အဲဒါ သူက အန်ကယ်နဲ့ ပြချင်တယ် ပြောတယ်။ အဲဒါ အကိုတို့ လာမဲ့ တနင်္လာနေ့ လာပြဖို့ စီစဉ် ထားတယ်။ ဖြစ်တယ် မဟုတ်လား’

‘ဟင်း… အစာအိမ် နာနေတဲ့ သူက ကားစီးလို့ ရပါ့မလား’

‘အော်… Serious လဲ မဟုတ်ပါဘူး။ နဲနဲ နဲနဲ နာနေဒါ တလလောက် ရှိပြီ ပြောတယ်။ ကြိုတင် ကုထား တော့ ကောင်းဒါပေါ’

‘မောင်တောမှာ ဆရာဝန် မရှိလို့လား’

‘အော်… အကို့ရဲ့ အကိုက အန်ကယ်နဲ့ ပြချင် နေဒါ။ ဘယ့်နှယ့် ကိုယ့် အဖေနဲ့ ပြချင်တဲ့ လူနာကို တခြား ဆရာဝန် ညွှန်နေရ ဒါလဲ’

‘အော်… မဟုတ်ပါဘူး၊ အကိုကဘဲ လူနာကို ဖေဖေနဲ့ ပြဖို့ အတင်းကြီး တိုက်တွန်း နေမှာစိုးလို့ပါ။ လူနာ ကို သနားလို့’

‘လူနာကိုတော့ သနားတယ်၊ အကို့ကိုတော့ မသနား ဘူးပေါ့ ဟုတ်လား’

‘ဘာမှလဲ မဆိုင်ဘူး။ ကဲပါ… ဆေးခန်းပြမယ် ဆိုလဲ လာခဲ့ပေါ့။ အကိုတို့ လာမယ် ဆိုဒါ မေမေ့ကို ပြောပြ ထားလိုက်မယ်’

‘အိုကေ… အင်ရှာ အလ္လာဟ် (အလ္လာဟ်အရှင်မြတ် အလိုတော်ဖြင့်) တနင်္လာနေ့ မနက် ၁၀ နာရီ လောက် အကိုတို့ ရောက်မယ် ထင်တယ်’

မေမေ့ကို အကိုတို့ လာမဲ့ အကြောင်း ပြောပြ လိုက်တယ်။ မေမေက…

‘ကောင်းပြီလေ… အဲဒီနေ့ သူတို့ ဒီမှာ ထမင်းစားဖို့ မေမေ စီစဉ် ထားလိုက်မယ်။ သူတို့ကို ဒီမှာဘဲ ထမင်း စားခိုင်းပေါ့။ သူတို့ လာမဲ့ အကြောင်း သမီး ဖေဖေကိုလဲ မေမေ ပြောပြ ထားမယ်လေ’

အဲဒီနေ့က အကိုတို့ အိမ်မှာ ထမင်း စားဖြစ်ကြတယ်။ ညနေ ၄ နာရီ လောက်မှ ပြန်သွားကြတယ်။ မောင်လေး ညီမလေးတွေက အကို့ကို သဘောတွေ ကျလို့ပေါ့။ သူတို့က ပြောကြတယ်၊ အကိုက ချောတယ်၊ သဘောကောင်း တယ်တဲ့။ အင်း… ဟုတ်တယ် ထင်ပါရဲ့။

ဒီလိုနဲ့ဘဲ ကျောင်ပိတ်ရက်တွေ ကုန်ဆုံးလို့ ၂၀၁၀ – ၂၀၁၁ ပညာသင်နှစ် ကြီး ပြန်စတော့မယ်။ ကျွန်မ လည်း ကျောင်းပိတ်ရက်တွေ အမြန်ကုန်ဆုံး စေချင်ပြီ။ ကျောင်းကြီးကို လွမ်းဒါလား၊ သူငယ်ချင်းတွေကို လွမ်းဒါလား၊ ဒါမှမဟုတ်… အကို့ကို လွမ်းဒါလား။ တခုခု တော့ တခုခုဘဲ။

                                                ********

၂၀၁၁ ဇန္နဝါရီ လဆန်းမှာ ကျောင်းတက်ဖို့ စစ်တွေကို ကျွန်မတို့ ပြန်လာခဲ့ ကြတယ်။ အကို့ကို ကျောင်းမှာ လည်း အမြဲတွေ့တယ်။ အဆောင်ကိုလည်း ကိုတင်ဝင်းလှိုင်နဲ့ အတူ အမြဲတမ်း လာလည်လေ့ ရှိတယ်။

                                                ********

တရက် ကိုတင်ဝင်းလှိုင်နဲ့ ကျွန်တော် ညီမတို့ အဆောင်က အပြန် ကိုတင်ဝင်းလှိုင်က…

‘ဟေ့ကောင်… မိုးဇော်၊ မင်း ဒီလိုဘဲ နန္ဒာ့ကို ဖွင့်မပြောဘဲ နေတော့ မှာလားကွ။ မင်းကွာ…သူ့ကို မချစ် ဒါလဲ မဟုတ်ဘူး။ သူကလဲ မင်းကို စိတ်ဝင်စား ပါတယ်ကွ။ ဘာ့ကြောင့် ဖွင့်မပြောဒါလဲ’

‘ဖွင့်ပြောမှာပါ…ကိုတင်ဝင်းလှိုင်ရာ၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ သူ့ကို အရင် မိဘ တွေနဲ့ နားဖေါက် ပြီးမှ ပြောမယ်။ အဲဒါမှ သူ့ကို တန်ဖိုးထားရာ ရောက်မှာပေါ့။ သူကလဲ အဲဒီလို ဖြစ်စေချင် ပုံရတယ်’

‘မင်းတို့ ဟာကလဲကွာ…Romantic မဆန်လိုက်ဒါ၊ မင်းတို့ ဓလေ့ ထုံးစံတွေတော့ မသိဘူး ပေါ့ကွာ။ ငါကတော့ ကြိုက်ရင် ကြိုက်တယ်ဘဲ။ လူငယ်ချင်း ပြောမှ Romatic ဒါကွ’

‘အောင်မာ… ခင်ဗျားက ကျွန်တော့်ကိုသာ ပြောနေဒါ။ ခင်ဗျားကျတော့ရော မမြခင်ကို ကြိုက်တယ် ဆိုပြီး ဘာလို့ အခုထိ ဖွင့်မပြော သေးဒါလဲ’

‘မင်း မတွေ့ဘူးလားကွာ… သူက ငါ့ကို တွေ့တိုင်း ရန်ချည်း တွေ့တွေ့ နေဒါ။ ငါ့ကို မကြိုက်ဘူး ထင်ပါ တယ်ကွာ။ သူ့ကို အိမ်က သဘောတူထားတဲ့သူ ရှိတယ် ကြားတယ်ကွ။ မင်းတို့လို အဆင်ပြေ နေလို့ ကတော့ကွာ အခုဆို ခလေး နှစ်ယောက်လောက် ရနေပြီ’

‘မိဘတွေကို ကျော်ပြီး မလုပ်ချင် လို့ပါ အကိုရာ။ အမေတို့က သူလဲ ဒုတိယနှစ်၊ ကျွန်တော်လဲ တတိယ နှစ်ဘဲ ရှိသေးတယ် ဆိုတော့ အလျှင်မလိုသေး ဒါပါ။ သူ နောက်ဆုံးနှစ်မှာ စေ့စပ်ပေးမယ် ပြောတယ်’

                                                ********

ဒီလိုနဲ့ဘဲ ကျွန်မတို့တွေ ကျောင်းတက်နေရင်း ဇူလိုင်လမှာ မထင်မှတ်ထားတဲ့ ကြံမ္မာဆိုး တခုက ဝင်ရောက် လာပါတော့တယ်။

အကိုက အတန်းထဲမှာ စာတော်တော့ အတန်းထဲက မိတ်ဆွေ အချို့က စာပြခိုင်းကြ၊ စာအုပ်ငှားကြ လုပ်ကြတယ်။ တရက် အကို့ မိတ်ဆွေ ရခိုင် အမျိုးသမီး တယောက်က စာအုပ် ငှားတယ်တဲ့။ အကိုကလဲ ငှားလိုက် ဒါပေါ့။ အဲဒါကို ရခိုင် ကျောင်းသား အချို့က မကျေနပ်ဘဲ ရန်စ ကြတယ် တဲ့လေ။ အကိုလည်း သူတို့နဲ့ အကျယ် အကျယ် ဆက်မပြောဘဲ မော်ကွန်းထိမ်းရုံးကို သွားတိုင်လိုက်တယ်တဲ့။

တရက် အကို အဆောင်ကနေ ကျောင်းကို အသွား အနောက်က ဆိုင်ကယ်နဲ့ လူ ၄ ယောက်ရောက် လာပြီး ရန်စ စော်ကား တယ်တဲ့။ အကို့ကိုလည်း ၃ ရက် အတွင်း စစ်တွေမြို့က ထွက်သွာပါတဲ့။ အကိုက လည်း သည်းမခံနိုင်တော့ဘဲ စစ်တွေကို မင်းတို့ အဖေ ပိုင်လို့လား ဘာလားနဲ့ စကား အခြေအတင် များကြ တယ်တဲ့လေ။

နောက်ပိုင်း ရက်တွေ အကို ကျောင်းသွားရင် ကိုတင်ဝင်းလှိုင်ရယ်၊ မိတ်ဆွေတချို့နဲ့ အတူတူ သွားတယ်။ ဒါပေမဲ့ တရက် အနောက်က ဆိုင်ကယ်နဲ့ လူ ၁၀ ယောက်လောက် ရောက်လာပြီး အကိုတို့ အုပ်စုကို ရန်စပြီး ဝိုင်းရိုက်တယ်တဲ့လေ။ အကိုတို့က ၄ ယောက်၊ သူတို့က ၁၀ ယောက်လောက် နောက်ပြီး လက်နက်တွေ ပါတော့ အကိုတို့ အုပ်စု တော်တော်လေး အထိနာ သွားတယ်။ သူတို့ရဲ့ အဓိက Target က အကိုပေါ့။ အကို့ တကိုယ်လုံးလည်း ရစရာ မရှိတော့ဘူး။ အကို့ ကိုလည်း မင်း… နောက်ထပ် ၃ ရက် အတွင်း စစ်တွေမြို့က ထွက်မသွားရင် မင်းရဲ့ အရိုးကို ပင်လယ်ထဲ မျှောပစ်မယ် လို့ ခြိမ်းခြောက် တယ်တဲ့။ ခဏနေတော့ ပတ်ဝန်းကျင် မူဆလင်ရွာ ထဲကလူတွေ ထွက်လာလို့၊ ထွက်လာတဲ့ လူအုပ်ကလဲ များလို့ သူတို့ ထွက်သွားကြတယ်။

ရဲစခန်း သွားတိုင်တော့လဲ သူတို့ အရေးယူ ပေးပါမယ်၊ ဒါပေမဲ့ တခြား ဒေသက လူတွေကလဲ ဒီမြို့ကို လာရင် အနေအထိုင် တတ်ရတယ်။ မြောက်ကြွ မြောက်ကြွ မလုပ်ရဘူး ဆိုပြီး သြဝါဒတွေ တသီ တတန်း ကြီး ချွေလိုက်တယ်တဲ့။

မိတ်ဆွေ အချို့နဲ့ ဆရာ ဆရာမတွေက အကို့ကို ဒီမြို့ကနေ ခဏထွက်သွားဖို့ အကြံပေးကြတယ်။ ကျွန်မ လည်း ရခိုင်တွေရဲ့ အကြောင်းကို သိတော့ အဲဒီလို လုပ်ရင် ကောင်းမယ် ထင်တယ်။ နောက်တခါ ဆိုရင် ဒီထက် ပိုဆိုးဖို့ဘဲ ရှိတယ်။ ကိုယ့် အသက်ထက် ဘာမှ အရေးမကြီးဘူးလေ။ အကို့ကို ဒီရက်ပိုင်း အပြင် မတွက်ဖို့ မှာခဲ့တယ်။ မနက်ဖြန် ကျောင်းက အပြန် အကို့ဆီကို လာခဲ့မယ်လို့ ပြောလိုက်တယ်။

နောက်တနေ့ ကျောင်းတက်ချင်စိတ်လည်း မရှိတော့ဘဲ အကို ကြိုက်တတ်ဒါလေး ချက်ပြီး အကို့ဆီ ထွက်လာခဲ့တယ်။

‘အကို သက်သာရဲ့လား’

‘အင်း… မဆိုးပါဘူး’

‘အကို… အကို အခု ဘယ်လိုလုပ်မယ် ဆုံးဖြတ်ထားလဲ’

‘မနေ့က ဖေဖေတို့နဲ့ကော ရန်ကုန်က အကိုနဲ့ကော စကားပြော ဖြစ်တယ်။ သူတို့က အကို့ကို စစ်တွေက နေ ချက်ချင်း ထွက်သွား ခိုင်းနေတယ်’

‘အဲဒါ မှန်တယ် အကို၊ ကိုယ့် အသက်ထက် ဘာမှ အရေးမကြီးဘူး။ လောလောဆယ် ခြောက်လ တနှစ် လောက် အကို စစ်တွေက ရှောင်လိုက်ရင် ကောင်းမယ်’

‘အကို့ အကိုက အခု ရန်ကုန်ကို ခေါ်ဖို့ စီစဉ်နေပြီ။ ဖေဖေကလဲ အခု သဘောတူတယ်။ သူတို့က အကို့ ကို ရန်ကုန်မှာ ဒီပလိုမာ တခုခု ဆက်တက် ခိုင်းနေတယ်။ အကို့ရဲ့ အလုပ်မှာလဲ လူရင်း လိုအပ်နေ တယ်တဲ့။ အကိုက မင်း… စာဆက်သင် ချင်ရင် နိုင်ငံခြားထိ ပညာသင်ဖို့ လုပ်ပေးမယ်။ ဒါပေမဲ့ စစ်တွေမှာ တော့ လုံးဝ မနေရ တော့ဘူးလို့ ပြောတယ်’

‘ကောင်းပါတယ် အကို… အကို့ အတွက် အကောင်းဆုံး အစီအစဉ်တွေ ပါဘဲ’

‘ညီမ… အကို မသွားချင်ဘဲ သွားရ တော့မယ်။ အကို ရန်ကုန်ကို သွာမယ်လို့ ဆုံးဖြတ် လိုက်ပြီ။ နိုင်ငံခြား တော့ မသွားတော့ဘူး။ ညီမနဲ့ ဒီ့ထက် မဝေးနိုင်ဘူး။ ညီမ… ညီမကို အကို ချစ်တယ်’

‘—————-‘

‘ညီမ… အကို ရန်ကုန် သွားမှာ ညီမ သဘောတူ ရဲ့လား။ ညီမ သဘောမတူရင် အကို မသွားဘူး။ မောင်တောမှာဘဲ အကို နေလိုက်မယ်။ အဲဒီမှာဘဲ အလုပ် ဆက်လုပ်မယ်’

‘အကို့ ဘဝ တိုးတက် ဖို့အတွက် အားလုံး ဝိုင်းစီစဉ် ကြဒါ ညီမ ဘာသဘော မတူစရာ ရှိလဲ။ ညီမ ကတော အကို့ အတွက် ဝမ်းသာရမှာပါ။ အကို့ ဘဝ တိုးတက်ရေး အတွက် ရန်ကုန်ကို သွားလိုက်ဒါ အကောင်းဆုံး ဖြစ်မှာပါလေ’

‘အဲဒါဆိုရင် အကို့ကို ကတိ တခုပေး။ အကို့ကို ဆက်ဆက် စောင့်နေပါမယ်လို့’

‘စိတ်ချပါ အကို၊ ညီမ အကို့ကို ဆက်ဆက် စောင့်နေပါ့မယ်’

‘အကို ရန်ကုန်ကို လုံးဝ မသွားချင်ဘူးနော်။ ညီမကို ခွဲပြီး ဘယ်ကိုမှ မသွာချင်ဘူး။ အကို ညီမနဲ့ အတူတူ စစ်တွေမှာဘဲ ကျောင်းဆက် တက်ချင်ဒါ။ အခု မတတ်နိုင် လွန်းလို့သာ ရန်ကုန်ကို သွားရဒါ။ အဲဒါတော့ ညီမ သိစေချင်တယ်’

‘ညီမ နားလည်ပါတယ် အကိုရယ်’

‘ညီမ… အကို ရန်ကုန်မှာ အလုပ် ကြိုးစားမယ်။ အကို့ အလုပ် အောင်မြင်လာတဲ့ တနေ့ ညီမလဲ ကျောင်းပြီး သွားရင် အကိုတို့ ရန်ကုန်မှာဘဲ နေကြရင် မကောင်းဘူလား’

‘မကောင်းဘူး ထင်တယ် အကို၊ ညီမတို့တွေက ဒီလိုဘဲ ကိုယ်လွတ် ရုန်းသွားမယ် ဆိုရင် အဖက်ဖက်က နိမ့်ပါးနေတဲ့ ညီမတို့ လူမျိုးတွေရဲ့ အခြေအနေ ဘယ်လိုဖြစ်မလဲ။ ညီမတို့ လူမျိုးတွေရဲ့ လူမှုဘဝ တိုးတက်ရေး အတွက် ညီမတို့လို ပညာတတ်တွေမှာ တာဝန် ရှိတယ် အကို’

‘ညီမပြောဒါ အကို နားလည်ပါတယ်။ အင်းလေ… အချိန်တွေ အများကြီး ရှိပါသေးတယ်။ အကို ရှိတဲ့ နေရာကို ညီမ မလာနိုင်ရင် ညီမရှိတဲ့ နေရာကို အကို လာခဲ့မှာပါ’

‘အကုန်လုံး ကတော့ အကို့ကို မနက်ဖန် ပြန်လို့ ပြောကြတယ်။ အကိုက သဘက်ခါမှ ပြန်ရင် ကောင်း မလားလို့။ ညီမ ရှိတဲ့ နေရာမှာ အကို နောက်တရက် ဆက်နေချင် သေးတယ်’

‘မနက်ဖန် ပြန်လိုက်ဒါ ကောင်းမယ် အကို။ ဒီတရက်လေး အတွက် တဘဝလုံးစာ ဒုက္ခ မရောက်စေ ချင်ဘူး’

‘ညီမ… အကို မလွဲသာလွန်းလို့ ရန်ကုန် သွားရတယ် ဆိုဒါ ယုံနော်’

‘ယုံပါတယ် အကိုရယ်…’

                                                ********

သင်္ဘောဆိပ်ကို ကျောင်းသား အချို့ရယ်၊ အကို့ကို ချစ်တဲ့ ရန်ကုန်က ဆရာမ ၂ ယောက်ရယ်၊ ရွာထဲက မူဆလင် လူကြီးအချို့ရယ် လိုက်ပို့ ကြတယ်။ ကျွန်မကိုတော့ အကိုက လမ်းခရီးမှာ ဘာဖြစ်မယ် မသိလို့ သင်္ဘောဆိပ်ထိ လိုက်မပို့ ခိုင်းလို့ အဆောင်မှာဘဲ ကျန်ရစ်ခဲ့ရတယ်။ အကို ထွက်သွာလို့ အပြင်လည်း ရောက်ရော ကျွန်မ စိတ်မထိမ်း နိုင်ဘဲ ငိုချ လိုက်ပါ တော့တယ်။ ၂၀၁၁ စာသင်နှစ် ကတော ကျွန်မ အတွက် ပျော်ရွှင်ခြင်း ကင်းစွာနဲ့ ပြီးဆုံး သွားပါတယ်။

အကိုလည်း ၂၀၁၁ စက်တင်ဘာလမှာ ရန်ကုန်ကို ရောက်ရှိ ခဲ့တယ်။ အကိုလည်း စစ်တွေက ထွက်ပြီး ကထဲက တရက်မပျက် ကျွန်မဆီ ဖုံးဆက်ပါတယ်။ အခု အကို ရန်ကုန်မှာ အကို့ အကိုရဲ့ လုပ်ငန်းမှာ စတင် လုပ်ကိုင်နေပြီ ဖြစ်ကြောင်းနဲ့ Diploma တခု ဆက်တက်ဖို့ စုံစမ်းနေကြောင်း သိရတယ်။

အကိုတို့ လုပ်ငန်းက အဓိက မိတ္ထီလာ၊ ကျေက်ဆည်၊ မန္တလေးဖက်က ငရုတ်၊ ကြက်သွန်၊ ဆနွင်း တဲ့ ဒေသ ထွက်ကုန်တွေနဲ့ ရှမ်းပြည်ဖက်က ဒေသထွက်ကုန်တွေကို ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြန့်ဒါ ဆိုတော့ အဲဒီကုန်တွေကို အချက်အချာ ဒေသဖြစ်တဲ့ မိတ္ထီလာမှာစုပြီး ပါကင်လုပ် အဲဒီကတဆင့် စစ်တွေကို ပို့ပြီး တချို့ကို စစ်တွေ နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ဘင်္ဂလားဒေ့ရှ်ကို ဖြန့်ပြီး တချို့ကို ရခိုင်ပြည်နယ်ကို ဖြန့်တယ် ပြောတယ်။

                                                ********

အကိုက ကျွန်တော့်ကို မိတ္ထီလာမှာ ရှိတဲ့ လူ ၂ ယောက်နဲ့ မလုံလောက်လို့ ၂၀၁၂ ဖေဖေါ်ဝါရီမှာ မိတ္ထီလာ ကို ပို့ခဲ့တယ်။ မိတ္ထီလာမှာ ခြံနဲ့ ဂိုဒေါင်ငှားပြီး ပစ္စည်းတွေ ပါကင် လုပ်ပြီး စစ်တွေပို့တယ်။ ကျွန်တော်တို့ ကတော့ အခန်း ငှားပြီး နေတာပေါ့။ အကို့ရဲ့ မိတ်ဆွေ ပွဲရုံလုပ်ငန်း ပိုင်ရှင် ကိုနေမင်းစိုး ကလည်း အစစ အရာရာ အကူအညီ ပေးတယ်။ ကျွန်တော်တို့ ပစ္စည်း တော်တော် များများကို ကိုနေမင်းစိုး ဆီကယူပြီး သူ့ဆီမှာ မရှိတဲ့ ပစ္စည်းတွေ ကိုသာ အခြားပွဲရုံ တွေဆီက ယူတယ်။

ကိုနေမင်းစိုးနဲ့ ကျွန်တော့် အကိုက လွန်ခဲ့တဲ့ ၈ နှစ် ကျော်ကထဲက စီးပွားရေးအရ မိတ်ဆွေတွေ ဖြစ်ခဲ့ပြီး အခုထက်ထိ လက်တွဲ လုပ်ကိုင်နေတုန်းဘဲ။ အကို အစစ အရာရာ အားကိုးရတဲ့ စီးပွားရေး မိတ်ဆွေ တယောက်ပေါ့။ ကိုနေမင်းစိုးရဲ့ ဦးလေးတွေ ကလည်း ရန်ကုန်မှာ စက်မှုလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ပြီး အကိုနဲ့လည်း ရင်းနှီးတယ် ပြောပါတယ်။

ကျွန်တော်တို့လည်း မိတ္ထီလာမှာ ရေရှည် နေထိုင်ရမှာ ဆိုတော့ ကိုနေမင်းစိုးက သူနေတဲ့ခြံရဲ့ ဘေးခြံနဲ့ တိုက် ရောင်းနေတော့ အကို့ကို ဝယ်ဖို့ အကြံပေးတယ်။ အကိုက ဈေးကလည်းတော်၊ နေရာလည်း ကြိုက်တော့ ဝယ်လိုက်ပြီး ကျွန်တော်တို့ အဲဒီခြံမှာ ပြောင်နေကြတယ်။ အိမ်နီးချင်းတွေ ဖြစ်သွားကြတဲ့ ကျွန်တော်တို့ကို ကိုနေမင်းစိုးတို့ မိသားစုက အစစ အရာရာ အကူအညီ ပေးပြီး မကြာခင်မှာ နှစ်အိမ့် တအိမ် ဆိုသလို ဖြစ်သွားကြတယ်။

ကိုနေမင်းစိုးက အခုထိ အိမ်ထောင်မပြုသေးဘဲ အမေနဲ့ ညီမ ရှင်မင်းစိုးတို့ နဲ့အတူ နေထိုင်တယ်။ ကိုနေမင်းစိုး ဖခင်ကတော သူ ၁၁ နှစ်သားကထဲက ဆုံးသွားတယ် ပြောတယ်။ အန်တီကလည်း ကျွန်တော်တို့ကို အစစ အရာရာ ဂရုစိုက်တယ်။ ကျွန်တော်တို့လည်း မနက်ကထဲက အိမ်က ထွက်သွား လိုက်ဒါ ညနေ ၆ နာရီ ၇ နာရီ လောက်မှ ပြန်ရောက်ဒါ ဆိုတော့ အန်တီနဲ့ ကိုနေမင်းစိုးက ညစာကို သူတို့ အိမ်မှာဘဲ စားဖို့ ခေါ်တယ်။ ကျွန်တော်လည်း ညစာကို အဲဒီမှာဘဲ စားဖြစ်တယ်။

                                                ********

ကျွန်မ တတိယနှစ် တက်ဖို့ ၂၀၁၂ ဇန္နဝါရီမှာ စစ်တွေ ပြန်လာခဲ့တယ်။ အကို မရှိတော့ ကျောင်းတက် ရဒါ အရင်လို အဓိပ္ပါယ် မရှိတော့ သလိုဘဲ။ ဒါပေမဲ့ ကျွန်မ ပညာကို ကြိုးစား သင်ယူပါတယ်။ ပညာရေးက ကျွန်မတို့ အတွက် အရေးကြီးတယ် မဟုတ်လား။

ဒါပေမဲ့လည်း မထင်မှတ်တဲ့ ပြဿနာ တခုက နောက်ထပ် ကြုံရ ပြန်တယ်။ ကျွန်မတို့ ရိုဟင်ဂျာ လူမျိုး တွေရဲ့ ဘဝ ကတော့ ဒီလိုပါဘဲ။ မထင်မှတ် ထားတဲ့ ပြဿနာတွေ အချိန်မရွေး ဝင်လာနိုင်တော့ လူတွေ က အမြဲကို သတိ အနေအထားနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး အသက်ရှင် နေရဒါ။ လူတွေလည်း ပင်ပန်းလှပြီ။ တခါတလေ ကမ္ဘာကြီးမှာ ဒီလောက် ဒုက္ခ ရောက်တဲ့ လူမျိုး နောက်ထပ် ရှိပါအုံး မလားလို့ တွေးမိတယ်။ ကျွန်မစိတ်ထင် မရှိတော့ဘူး ထင်တယ်။

မေလ အကုန်ပိုင်း သံတွဲမှာ မူဆလင် ခရီးသွား ၁၀ ယောက်ကို နေ့ခင်း ကြောင်တောင် ကားပေါ်က ဆွဲချ ပြီး သတ်တဲ့ ကိစ္စဖြစ်ပြီး နောက်ပိုင်း စစ်တွေမှာလည်း အခြေအနေတွေက သိပ်မတည်ငြိမ် တော့ဘူး။ ဘယ်နေ့ ဘယ် အချိန် ထ ပေါက်ကွဲမလဲ ဆိုဒါ ကျီးလန့်စာ စားနေရတယ်။ ကျောင်းတွေလည်း ပိတ်လိုက် ပြီး ကျွန်မတို့လည်း ကိုယ့် ဒေသကို ကိုယ် အမြန်ဆုံး ပြန်ခဲ့ ကြတယ်။

စစ်တွေမှာလည်း ရခိုင်တွေရဲ့ ရန်စမှုက နေ့စဉ်ဆက်တိုက် ဆိုသလိုပါဘဲ။ ဒါတွေ အားလုံး နောက်ကွယ် က လက်မဲကြီးရဲ့ အကြံ အစည်တွေ ထင်ပါရဲ့။ မဟုတ်ရင် ဒီလို ဖြစ်လာစရာ အကြောင်း မရှိဘူး။ သူတို့မှာ အာဏာရှိတယ်၊ လက်နက်ရှိတယ်။ အာဏာနဲ့ ဖြေရှင်းရင် တရက်တောင် မကြာပါဘူး။ ဆူပူ အုံကြွချင်တဲ့ သူတွေ အိမ်ထဲကတောင် ထွက်ရဲမှာ မဟုတ်ဘူး။ ၈၈ တုန်းက တပြည်လုံး အတိုင်းအတာ နဲ့ အုံကြွခဲ့ဒါတောင် နှိမ်နှင်း နိုင်ခဲ့သေးဒါဘဲ။

ဇွန်လ ၃ ရက်နေ့ စစ်တွေမှာ ရခိုင်နဲ့ မူဆလင် ပြဿနာ ဖြစ်တယ်။ မူဆလင်တွေရဲ့ အိမ်တွေနဲ့ ဆိုင်တွေ တော်တော် များများ မီးရှို့ခံခဲ့ရတယ်။ မူဆလင်တွေဟာ ကိုယ့်ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ပင်လယ်ဖက် ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်။ တောထဲက အရွက်တွေစားပြီး အသက်ရှင်ခဲ့ရတယ်။ တော်တော် များများလည်း အသက် ဆုံးရှုံး ခဲ့ရတယ်။ ကျန်တဲ့သူတွေကလည်း သူတို့ကို ဘယ်နေ့ ဘယ်အချိန် လာသတ် မလဲ ထိုင်စောင့် နေကြရတယ်။ ဒါပေမဲ့ မူဆလင်တွေရဲ့ စိတ်ထဲမှာ နာကျင်မှုတွေက အထွဋ် အထိပ်ထိ ရောက်နေတော့ သူတိုကလည်း ဆုံးဖြတ်ပြီးသား။ ရရာ လက်နက် အသင့် ကိုင်ဆောင် ထားပြီး ငါသွားရင် အနည်းဆုံး ၂ ယောက်တော့ အပါ ခေါ်သွားမယ်လို့ သံဓိဌာန် ချထားကြတယ်တဲ့။

ဒါပေမဲ့… ဒီကိစ္စက ကမ္ဘာမှာ ဟိုးလေး တကျော် ဖြစ်ခဲ့တယ်။ ရိုဟင်ဂျာ ဆိုဒါကိုလည်း ကမ္ဘာကြီးက ပိုသိ သွားတယ်။ တကမ္ဘာလုံးက ကန့်ကွက်ကြတယ်။ အဲဒီတော့မှ ဦးသိန်းစိန် အစိုးရလည်း သူတို့ရဲ့ လုပ်ရပ် တွေ နဲနဲလျှော့ပြီး ကမ္ဘာကျော်တဲ့ မိန့်ခွန်း တရပ် မြွက်ကြားခဲ့တယ်။ ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ် ကိုယ် မီးရှို့ဒါပါတဲ့။ သူတို့တွေကို ကမ္ဘာကြီးက သနားရင် တတိယနိုင်ငံ ခေါ်သွားကြပါတဲ့။

ဦးသိန်းစိန်ရေ… ရိုဟင်ဂျာတွေက သူတို့ရဲ့ ဥစ္စာပစ္စည်းတွေကို အသက်နဲ့ ရင်းပြီး ရှာထားရဒါ။ ခင်ဗျားရဲ့ ၁,၀၀၀ တန်လေး တရွက် မီးရှို့ကြည့် ပါလား။ ရှို့ရဲ့ ပါ့မလားလို့။ အင်းလေ… ခင်ဗျားတို့က ပိုက်ဆံတွေ မတရား ရထားဒါ ဆိုတော့ မပြောတတ်ဘူး။ ကျွန်မကတော ၂၀၀ တန်လေး တရွက် ပျောက်သွားရင် တောင် နှမျောလို့ မဆုံးဘူး။ ကျွန်မတို့ရဲ့ ဘိုး ဘွား ဘီ ဘင် တွေလည်း မြန်မာနိုင်ငံမှာ မွေးဒါ၊ ကျွန်မတို့ လည်း မြန်မာနိုင်ငံမှာ မွေဒါ၊ အဲဒီတော့ ကျွန်မတို့ရဲ့ ပထမနိုင်ငံ ဟာလည်း မြန်မာနိုင်ငံ၊ ဒုတိယ နိုင်ငံ ဟာလည်း မြန်မာနိုင်ငံ၊ တတိယ နိုင်ငံဟာလည်း မြန်မာနိုင်ငံဘဲ ဖြစ်စေရမယ် ဦးသိန်းစိန်။ အဲဒါ ခင်ဗျား ယုံကြည်ထားလိုက်။

စစ်တွေက လူတွေလည်း အခုထိ ကိုယ့်ရပ် ကိုယ့်ရွာ ပြန်မလာ နိုင်ဘဲ ဒုက္ခသည် စခန်းတွေမှာ ဆင်းရဲ ကြပ်တည်းစွာ နေထိုင် ကြရတယ်။ စီးပွားရေးတွေလည်း အကုန်လုံး ပျက်စီး သွားကြတယ်။ တဖြေးဖြေးနဲ့ ဒီ အစိုးရရဲ့ လုပ်ရပ်တွေဟာ လူမျိုးစု ငယ်ကလေး တခုကို စံနစ်တကျ Genocide လုပ်တဲ့ အဆင့်ကို ရောက်လို့ ကျော်လွန် နေပြီ။

                                                ********

ကျွန်မလည်း ကျောင်းပိတ်ထားလို့ အိမ်ပြန်ရောက်တော့ အိမ် အလုပ်ကလေး နဲနဲု လုပ်လိုက်၊ ဖေဖေ့ကို ကူညီလိုက်နဲ့ ယောင်ခြောက်ဆယ် ဖြစ်နေတယ်။ ကျောင်းတွေ ပိတ်ထားတော့ ခလေးတွေ ကလည်း စာမသင်ချင် ကျွန်မကလည်း စာမပြချုင်နဲ့ တအိမ်လုံး ဝေလည်လည် ဖြစ်နေကြတယ်။

အကိုကတော့ ညစဉ် ဖုံးဆက်ပါတယ်။ အကို့ရဲ့ လုပ်ငန်းတွေ ကတော့ အားရစရာ ပါဘဲ။ တော်တော် အဆင်ပြေတယ် ပြောတယ်။ အကိုလည်း ကိုယ့် ဒေသကို ခဏတဖြုတ် ပြန်လာချင်ပေမဲ့ ဘယ်လိုမှ ပြန်လာလို့ မရဘူးလေ။ ကျွန်မတို့ရဲ့ ဘဝ ကလည်း တနိုင်ငံ ထဲမှာနေပြီး ကမ္ဘာကြီး ခြားနေသလိုပါဘဲ။ ကမ္ဘာကြီးက ရွာလေးတရွာ ဖြစ်နေပြီ ဆိုဒါ ကျွန်မတို့ ရိုဟင်ဂျာလူမျိုးတွေ အတွက်တော့ မမှန်ဘူး။ ရခိုင် ပြည်နယ်ထဲက တရွာနဲ့ တရွာ သွားဖို့တောင် အရမ်း ခက်ခဲတဲ့ ကိစ္စ၊ ကမ္ဘာကြီးဆီ သွားဖို့ ဆိုဒါတော့ လုံးဝ မစဉ်းစားနဲ့။ ဒီအမိုး ဖွင့်ထားတဲ့ ထောင်ကြီးထဲ မှာဘဲ ဆက်လက် ကျင်လည်အုံးပေါ့ စုမြတ်နန္ဒာရေ… ကမ္ဘာကြီးက တနေ့တခြား ဖွံ့ဖြိုးတိုးတက် နေတယ်ဆိုဒါ နင်နဲ့ ဘာမှ မဆိုင်ဘူး။

                                                ********

မိတ္ထီလာမှာ အနေကြာ လာဒါနဲ့အမျှ ကိုနေမင်းစိုးတို့ မိသားစုနဲ့လည်း တမိသားစုလို ဖြစ်နေပါပြီ။ အန်တီ ကလည်း ကျွန်တော့်ကို သား တယောက်လို ဂရုစိုက်သလို မရှင်မင်းစိုး ကလည်း အကို တယောက်လို နွဲ့ဆိုး ဆိုးတတ်တယ်။ ကျွန်တော့ အတွက်တော့ မရှင်မင်းစိုးက ညီမ တယောက်လို ပါဘဲ။

ညီမကို သတိရဒါ ရင်ကွဲမတတ် ဖြစ်ခဲ့ပေမဲ့ အခုတော့… တနေ့ တနေ့ အလုပ်နဲ့ လက်နဲ့ မပြတ် ဖြစ်နေ တော့ နဲနဲ နေသာ ထိုင်သာ ရှိလာတယ်။ ညီမနဲ့ ည ည ဖုံးပြောရဒါ ကျွန်တော့် အတွက် အကြည်နှုးဆုံး အချိန်တွေပါဘဲ။ ညီမနဲ့ ဖုံးပြောပြီးရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို ခဏတဖြုတ် အပြေးကလေး ပြန်သွားချင်စိတ် ပေါက်မိတယ်။ ဒါပေမယ့်… ဘယ်လိုမှ မတတ်နိုင် ပါဘူး။ ကျွန်တော်တို့ ဘဝတွေက စိတ်သွားတိုင်း ကိုယ်မပါ နိုင်တဲ့ ဘဝတွေပါ။

                                                ********

‘ကံဆိုးမ သွားရာ မိုး လိုက်လို့ရွာ’ ဆိုတဲ့ စကားက ကျွန်တော့ အတွက် ဖြစ်လာဒါ ထင်တယ်။ ပြဿနာ တွေ မဖြစ်ချင်လို့ ပြဿနာတွေနဲ့ အဝေးဆုံး နေရာကို ထွက်ပြေးလာ ခဲ့ပေမယ့် ကျွန်တော် လာတဲ့ နေရာ ကိုလည်း ပြဿနာက အဆင်သင့် စောင့်ကြိုနေတယ်။

၂၀၁၃ မတ်လမှာ မိတ္ထီလာ မူဆလင် ရွှေဆိုင် တဆိုင်မှာ ဖြစ်တဲ့ အရောင်းအဝယ် ပြဿနာကနေ မိတ္ထလာ တမြို့လုံးထိ ပြန့်နှံ့ သွားပါတယ်။ အဲဒီ ပြဿနာကိုလည်း ကျွန်တော် သွေရိုးသားရိုး မထင်ဘူး။ ပြဿနာ မဖြစ်ခင် တပတ် အရင်က အမုန်းတရားတွေ ဖြန့်ဖြူးနေတဲ့ “ဝီရသူ” ဆိုတဲ့ ဘုန်းကြီး မိတ္ထီလာကို လာသွား တယ်။ မိတ္ထီလာမြို့ရဲ့ မူဆလင် အိမ်တွေ၊ ဆိုင်တွေ တော်တော် များများ မီးရှို့ ဖျက်စီးခံ ရတယ်။ ကိုနေမင်းစိုးရဲ့ ပွဲရုံနဲ့ ကျွန်တော်တို့ ဂိုဒေါင်လည်း ဖျက်စီးခံလိုက် ရတယ်ကြားတယ်။

အဲဒီ သတင်းတွေ ကြားတော့ အန်တီက ကြောက်လန့်ပြီး ရင်ဘတ်ထဲက အောင့်လာပါရော။ အန်တီက ဒီအခြေအနေနဲ့ ဘယ်လိုမှ လမ်းမြန်မြန် လျှောက်လို့ ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အိမ်မှာဘဲ ဘယ်လို လုပ်ရင် ကောင်းမလဲ စဉ်းစားနေကြတယ်။ ကျွန်တော့် မိတ်ဆွေ နှစ်ယောက် ကိုတော့ အမြန်ဆုံး ဒီနေရာ ကနေ ထွက်သွား ခိုင်းလိုက်တယ်။ ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးကလည်း တဖြေးဖြေး နီးလာပြီ ကြားတယ်။ ကိုနေမင်းစိုးရဲ့ အိမ် အနောက်ဖက်မှာ ဂိုဒေါင်တလုံး ဆောက်နေဒါ ရှိတယ်။ ကိုနေမင်းစိုးက..

‘မိုးဇော်… မင်း မေမေတို့ ညီမလေးတို့နဲ့ အနောက်က ဂိုဒေါင်မှာ ခဏသွား ပုန်းနေ။ အပေါ်ထပ်မှာ Ceiling ရိုက်ထားဒါ တဝက်တပျက်နဲ့။ အဲဒီမှာ လူတယောက် ကောင်းကောင်း ရပ်နိုင်တယ်။ အဲဒီ နေရာက လုံခြုံ တယ် ထင်တယ်။ ငါ… ခလေးတွေ ဘာသာရေးပညာ သင်တဲ့ ကျောင်းဖက် ခဏ သွာလိုက်အုံးမယ်။ အဲဒီမှာ ခလေး ၁၀၀ ကျော်က နယ်ကလာတဲ့ ကျောင်းအိပ် ကျောင်းစာတွေ။ သူတို့ကို ဘေးလွတ်ရာကို ပို့ရအုံးမယ်။ ဆရာ ၃ ယောက် ငါ့ကို စောင့်နေတယ် ပြောတယ်။ ကဲ မိုးဇော်… မေမေတို့ကို သေချာ ဂရု စိုက်လိုက်ပါကွာ။ ငါ ခလေးတွေ ကိစ္စ ပို အရေးကြီးလို့ အဲဒီဖက် ပြေးလိုက်အုံးမယ်’

‘သွား သွားအကို… ကျွန်တော် ဒီမှာ အန်တီတို့ကို သေသေချာချာ စောင့်ရှောက် ထားပါ့မယ်။ အကိုက အားကိုးရတဲ့ ကျောင်းဂေါပက ဆိုတော့ အားလုံးက အကို့ကို မျှော်နေကြမယ်။ အကိုလာရင် သူတို့ ပိုအား တက်သွားလိမ့်မယ်’

‘အေး အေး… ဟုတ်ပြီကွာ၊ အမေနဲ့ ညီမလေးကို မင်းလက်ထဲ အပ်လိုက်ပြီကွာ။ အလ္လာဟ် တဝကာလ်ဘဲ (အလ္လာဟ်အရှင်မြတ် အလိုတော် အတိုင်းဘဲ)။ ငါသွားပြီ၊ ငါစိတ်ချ မယ်နော်’

‘စိတ်ချပါ အကို၊ ဒီဖက်ကို လုံးဝ နောက်ဆံမတင်း ပါနဲ့။ ကျွန်တော် တယောက်လုံး ရှိတယ်။ ကျောင်းသား တွေကိုသာ သေသေချာချာ ဂရုစိုက် လိုက်ပါ အကို’

                                                ********

ကိုနေမင်းစိုး ကျောင်းကို ရောက်ပြီး ခဏ အကြာမှာ ဒုတ်၊ ဓါး ကိုင်ဆောင်ထားတဲ့ ဒေါသ ထွက်နေတဲ့ လူအုပ်ကြီး ကျောင်းရှေ့ကို ရောက်လာ တော့တယ်။ ကိုနေမင်းစိုးက ဆရာတွေနဲ့ ခလေးတွေကို ကျောင်း နောက်ပေါက်က ထွက်ပြေးခိုင်းပြီး အရှေ့မှာ သူလူအုပ်ကြီးကို ပြောဆိုပြီး အချိန်ဆွဲ ထားမယ် ဆိုပြီး ကျန်ခဲ့တယ်။ လူအုပ်ကြီးက အရှေ့ကနေ ကျောင်းသားတွေကို ထုတ်ပေးဖို့ တောင်းဆိုတယ်။ ကိုနေမင်းစိုးက ကျောင်းပေါ်ကနေ ကျောင်းသားတွေမှာ ဘာအပြစ်ရှိလို့လဲ ဆိုပြီး အပြန်အလှန် ပြောဆို ပြီး အချိန် ဆွဲထားခဲ့တယ်။ နောက်ဆုံး ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက ရှေ့တံခါးပေါက်ကို ချိုးဖျက် ဝင်လာပြီး တွေ့တဲ့ ကိုနေမင်းစိုးကိုဘဲ စိတ်ကြိုက် ဆွမ်းကြီးလောင်းခဲ့တယ်။ ကျောင်းကိုလည်း ဖျက်စီး ခဲ့ကြတယ်။ အပြင်က သစ်ပင် တပင်ပေါ်မှာ တက်ပုန်းပြီး ကိုနေမင်းစိုးကို စိတ်မချလို့ စောင့်နေတဲ့ ဆရာ တယောက်က လူအုပ်ကြီးလဲ ထွက်သွားရော၊ ကိုနေမင်းစိုးဆီ အပြေး သွားရောက်ခဲ့တယ်။ ကိုနေမင်းစိုး က ဆရာ့ကို သူ့အမေနဲ့ ညီမလေးတို့ကို မိုးဇော်အား တသက်လုံး စောင့်ရှောက်ဖို့ မေတ္တာရပ်ခံကြောင်း ပြောပေးဖို့နဲ့ မိုးဇော်ကို သူစိတ်ချကြောင်း အထပ်ထပ် မှာကြားခဲ့ပြီး ဆရာ့ လက်ပေါ်မှာဘဲ အလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူသွားကြောင်း ကျွန်တော် နောက်ပိုင်း ကြားခဲ့ရတယ်။

                                                ********

အန်တီလည်း သားပြန်မလာလို့ အခြေအနေက ပိုဆိုးလာတယ်။ ကျွန်တော်တို့မှာ ဖုံးတွေပါလာလို့ အပြင် လောကနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ ရန်ကုန်က ကျွန်တော့် အကိုနဲ့ ကိုနေမင်းစိုးရဲ့ ဦးလေးတွေရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ အတွက် ရန်ကုန်က Ambulance တစီး ပို့ဆောင်ခဲ့ပြီး အဲ့ဒီ Ambulance နဲ့ဘဲ ရန်ကုန်ကို ထိတ်ထိတ် လန့်လန့်နဲ့ ရောက်ရှိခဲ့တယ်။

ဒါပေမဲ့… အန်တီက စကားတောင် မပြောနိုင် တော့ပါဘူး။ သူ့သားကိုဘဲ ခြေဟန် လက်ဟန်နဲ့ မေးနေ တယ်။ အားလုံးကတော ကိုနေမင်းစိုး မတ္ထီလာက အိမ်နဲ့ လုပ်ငန်းတွေကို စောင့်ရှောက်ဖို့ နေခဲ့ကြောင်း လိမ်ထားကြတယ်။ ဒါပေမဲ့ ယုံကြည်ဟန် မတူပါဘူး။ ရန်ကုန်ရောက်ပြီး ၂ ရက် အကြာ အန်တီလည်း အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံခဲ့တယ်။

အခုဆိုရင် မိတ္ထီလာက မူဆလင်များဟာလည်း ကိုယ့် အိမ်မှာ ကိုယ် မနေနိုင်ကြတော့ဘဲ ဒုက္ခသည် စခန်း မှာနေကြရတယ်။ အဲဒီထဲမှာ လူကုံထံတွေကော စီးပွားရေး လုပ်ငန်းရှင်တွေ ကောပါတယ်။ ရခိုင်ပြည်နယ် မှာ နှစ်ပေါင်းများစွာ စံနစ်တကျ ပြုစုပျိုးထောင် ကျင့်သုံးခဲ့တဲ့ စံနစ်ဆိုးကြီးကို အခု ပြည်မဖက်မှာပါ အသက်သွင်းဖို့ ကြိုးစားလာပြီ။ ဒါကို ပြည်သူလူထု တရပ်လုံးက တာဝန်သိသိနဲ့ မဆန့်ကျင်ကြရင် မကြာမီ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံတခု ဖြစ်လာလိမ့်မယ်။

                                                ********

မရှင်မင်းစိုးက ပထမပိုင်း ထိတ်လန့် ကြောက်ရွံ့နေတတ်ပြီး အန်တီဆုံးပြီး နောက်ပိုင်း ဘယ်သူနဲ့မှ စကား မပြောတော့ဘဲ တယောက်ထဲ တိတ်ဆိတ် ငေးကြောင်စွာ နေတတ်တယ်။ လုံးဝ မအိပ်လို့ ဆရာဝန် ခေါ်ပြီး စိတ်ငြိမ်ဆေးတွေ၊ အိပ်ဆေးတွေ တိုက်သိပ်နေရတယ်။ ကျွန်တော်လည်း ရန်ကုန်ရောက်ပြီး အချိန် တော်တော်များများ ကို မရှင်မင်းစိုး နားမှာဘဲ နေပြီး အားပေး နှစ်သိမ့် နေရတယ်။ မရှင်မင်းစိုးကို လည်း ဘာမှ အားမငယ်ဖို့ ကျွန်တော် တသက်လုံး စောင့်ရှောက်မဲ့ အကြောင်းဂတိ ပေးလိုက်တယ်။ အဲဒီ လိုလုပ်ဒါ မှန်လား မှားလား ကျွန်တော့်ကို ကျွန်တော်လည်း မဝေခွဲတတ် တော့ဘူး။

ဒီကိစ္စတွေ အကုန်လုံး ညီမကို ရှင်းပြ၊ ညီမရဲ့ အကြံဥာဏ် တောင်းတော့ ညီမ စ ကြားကြားချင်း ဆွံ့ အ သလို ဖြစ်သွားပြီး စကား တော်တော်နဲ့ ပြန်မလာဘူး။ တော်တော်လေး ကြာမှ ညီမတို့ သေသေချာချာ စဉ်းစား ကြဒါပေါ့လို့ လေသံ တိုးတိုးလေးနဲ့ ပြောတယ်။

အကို ဘယ်လိုလုပ်ရမလဲ ညီမရေ… ဖြစ်နိုင်ရင် အကိုလည်း ကိုနေမင်းစိုးနဲ့ အတူတူ ကမ္ဘာကြီးရဲ့ အပြင် ဖက်ကို ထွက်သွားချင်စိတ် ပေါက်မိတယ်။

                                                ********

အကို့ဆီက အဖြစ်အပျက်တွေ အကုန်လုံး ကြားပြီးနောက်ပိုင်း ကျွန်မလည်း ဘယ်လိုလုပ်ရမှန်း မဝေခွဲ တတ်တော့ဘဲ ကျွန်မလည်း မရှင်မင်းစိုး လိုဘဲ လူတွေနဲ့ စကားပြောချင်စိတ် မရှိတော့ဘဲ တယောက်ထဲ နေချင်မိတော့တယ်။ ကျွန်မ အကို့ကို လက်လွှတ် မဆုံးရှုံးချင်သလို မရှင်မင်းစိုးကိုလည်း သနားတယ်။ အကို့ ကိုလည်း တာဝန်မဲ့ သူတယောက် မဖြစ်စေချင်ဘူး။ ဖြစ်နိုင်ရင် ကျွန်မတို့ ၃ ယောက်စလုံး ကမ္ဘာကြီး ပေါ်မှာ မရှိတော့ရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။

ကျွန်မ တဖြေးဖြေးနဲ့ သေချာ စဉ်းစားတော့ ကိုနေမင်းစိုး လို ရှဟီဒီ (အများအတွက် စွန့်လွှတ်သူ) တယောက်ရဲ့ ဆန္ဒကို မပယ်ရှား သင့်ဘူးလို့ အဖြေထွက်တယ်။ ဘယ်ရှု့ဒေါင့်ကဘဲ စဉ်းစား စဉ်းစား နောက်ဆုံး ဒီအဖြေဘဲ ထွက်တယ်။ အကို့ကိုလည်း ကျွန်မက တဖက် မရှင်မင်းစိုးက တဖက်နဲ့ မတွေဝေ အောင် စိတ်ဒုက္ခ မရောက်အောင် လုပ်ဆောင်နိုင်ဒါ ကျွန်မ တယောက်ဘဲရှိဒါ ကျွန်မ သေသေချာချာ သဘော ပေါက်သွားတယ်။

တရက် အကို့ကို ကျွန်မ အားတင်းပြီး ဖုံးဆက်တယ်။ အကို ရန်ကုန်မှာ အလုပ်အကိုင် တိုးတက်အောင် ကြိုးစားဖို့၊ မရှင်မင်းစိုးလည်း ဂရုတစိုက် အားပေးဖို့။ တသက်လုံး သစ္စာရှိရှိ စောင့်ရှောက်ဖို့။ ကိုနေမင်းစိုး လို ရှဟီဒီ တယောက်ရဲ့ ဆန္ဒကို ကျွန်မတို့ လုံးဝ မပယ်ရှား သင့်ကြောင်း၊ ကျွန်မ ကလည်း ဒီဒေသက ဘယ်လိုမှ ထွက်သွားလို့ ရမှာ မဟုတ်တဲ့အတွက် ဒီ ဆုံးဖြတ်ချက် သာလျှင် ကျွန်မတို့ အားလုံးအတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း အကို့ကို ရှင်းပြတယ်။ ကျွန်မ အကို့ကို နောင်ကို မိတ်ဆွေတွေ လိုဘဲ ဆက်ဆံတော့မှာ ဖြစ်ကြောင်း ပြောပြီး အမြန်ဆုံး ဖုံးချလိုက်ပါတယ်။ ဒီ့ထက်ဆက်ပြောရင်တော့ ကျွန်မ ငိုမိတော့မှာ မို့လို့ပါ။ အကိုကတော့ ကျွန်မ ပြောဒါကိုသာ နားထောင်ပြီး အကို့ဖက်က ဘာတခုမှ ပြန်ပြော ဒါ မကြားရဘူး။ အကိုလည်း ဆွံ့ အ သွားပြီ ထင်ပါရဲ့။

********

ကျွန်မ လူကသာ အိပ်ရာပေါ်မှာ… အိပ်မပျော်တဲ့ ညတွေကလည်း များလှပါပြီ။ ညီမလေးတွေ အကုန်လုံး အိပ်ပျော်သွားတဲ့ အချိန်မှာ ကျွန်မ တိတ်တဆိတ်ကလေး ထပြီး ဘုရားဝတ်ပြုဖို့ ကိုယ်လက် သန့်ရှင်းပြီး ည လူခြေတိတ်မှ ဘုရားဝတ်ပြုပါတယ်။ ဘုရားဝတ်ပြု အပြီး ကျွန်မ ဘုရားသခင်ဆီ တိုင်တည်ပါတယ်။

‘ယာ အလ္လာဟ်… ကျွန်မတို့ ရိုဟင်ဂျာ လူမျိုးတွေ၊ မူဆလင်တွေဟာ ဘာတွေများ အပြစ်တွေ လုပ်ထားလို့ အခုလို ဒုက္ခ ပင်လယ်ထဲမှာ မျောထားဒါလဲ အရှင်။ ကျွန်မတို့ဆီမှာ အရှင်မှ လွဲလို့ အားကိုးစရာ အလျဉ်း မရှိပါဘူး။ ဒါတွေဟာ ကျွန်မတို့ကို စမ်းသပ်နေဒါ ဆိုရင် လုံလောက်ပါပြီ အရှင်။ ယာ… အလ္လာဟ်၊ ကျွန်မ တို့မှာ ဒီ့ထက်ပိုပြီး ခံနိုင်ရည် စွမ်းအား မရှိတော့လို့ပါ။ ကျွန်မတို့ လူမျိုးတွေနဲ့ အစ္စလာမ်တွေရဲ့ ဘဝကို ကယ်တင် စောင့်ရှောက်ပါ အရှင်’

‘ယာ အလ္လာဟ်… အကိုက စောင့်ပါ ဆိုတော့လည်း ကျွန်မ စောင့်ခဲ့ရတယ်။ အကိုက နေရစ်ခဲ့တော့ ဆိုရင် လည်း ကျွန်မ နေခဲ့မှာပါ။ ဒါပေမဲ့ အကို့ရဲ့ လုပ်ရပ်တိုင်း လုပ်ရပ်တိုင်းကို ကျွန်မ ကျေနပ် ဂုဏ်ယူနေမှာပါ။ အကို့ရဲ့ ရှေ့ဘဝ ခရီးကိုလည်း ဒီ့ထက်မက တိုးတက် အောင်မြင်မှုတွေ အေးချမ်းသာယာမှုတွေ ပေးသနား တော်မူပါ ယာ အလ္လာဟ်… အာမင်းန်။

နီလာမြင့် (ဒိန်းမတ်)

၃၀-၀၈-၂၀၁၅

ရိုဟင်ဂျာများနဲ့ ကမ္ဘာသူ ကမ္ဘာသားများ

အားလုံး ဘေးဘယာ ကင်းကွာပြီး ကိုယ့် ကြမ္မာ

ကိုယ် ဖန်တီး နိုင်ကြ ပါစေ။